Pages

Subscribe:

Ads 468x60px

Labels

Showing posts with label ကဗျာအမြင်. Show all posts
Showing posts with label ကဗျာအမြင်. Show all posts

Wednesday, February 1, 2012

မတူကွဲပြားခြင်း၊ ဘာသာစကား နှင့် အနုပညာပုံကြမ်း

“မတူကွဲပြားစွာ ခံစားကြည့်ရအောင်” လို့ ဆိုလာရင် ကျွန်တော်တို့ ဘယ်လို ခံစားချက်မျိုးကို ဘယ်လို ပုံစံပြောင်း ခံစားကြမလဲ စဉ်းစားစရာပါ။ လူအမျိုးမျိုး စိတ်အထွေထွေကြောင့် ကျွန်တော်တို့ ခံစားချက်တွေ ပွစာတက်ကုန်ကြတယ်။ အမြင်မတူမှု၊ မတူကွဲပြားမှု ဆိုတာ အမှန်တော့ ဒါတွေကို ခေါ်တာပါပဲ။ ခံစားပုံချင်းမတူရာက စတယ်လို့ ပြောလို့ ရပါတယ်။ ဥပမာ ဆိုကြပါစို့။ အမြင်လွယ်ဆုံး ကနေ စပြောကြည့်ရအောင်။
တဂျုန်းဂျုန်း ခုတ်မောင်နေတဲ့ ရထားကြီး ဆိုက်ကာနီး ဥသြ ဆွဲလိုက်တဲ့ အသံကို ဆူညံသံလို့ သတ်မှတ်မလား သာယာသံလို့ သတ်မှတ်မလား။ မြို့ပတ်ရထား ကြီး စက်မှုဇုန်ဘူတာမှာ လာဆိုက်ရင်တော့ ကိုယ့်အလုပ်နဲ့ကိုယ်မှ ရှုပ်နေကြတဲ့သူတွေက ဆူညံသံလို့ ပြောကြမှာပေါ့။ ဒါပေမယ့် နေရောင်ကလဲ ပျောက်ကာနီး မပြန်တာကြာတဲ့ မွေးရပ်မြေ ဘူတာကိုလဲ ဆိုက်ကာနီး ကိုယ့်စိတ်ကလဲ ရောက်ချင်စိတ်တွေဆောင်နေတဲ့ အချိန် ဆွဲလိုက်တဲ့ ဥသြသံ ကတော့ အင်မတန်မှ သာယာတာတဲ့ဗျနော်။ ဒါ မတူညီတဲ့ ခံစားမှုမျိုးပေါ့။ 
ရာမာယနဇာတ်ထဲမှာ တစ်လျှောက်လုံး ဗီလိန်လုပ်လာတဲ့ ဒဿဂီရိက ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ ထဲမှာ သိပ်ကို ဇာတ်နာနေရှာတဲ့ သနားစရာ ဇာတ်လိုက်ကြီး ဖြစ်နေတာကို အံ့သြဘနန်း ခံစားလိုက်ရတယ် မဟုတ်လား။ ဒါပါပဲ။
Informal Thinking နဲ့ တွေးပြီး ပုံမှန်မဟုတ်တဲ့ ဖန်တီးမှုတွေကို ကဗျာဆရာတွေ က တင်ပြလာကြတယ်။ ကျွန်တော် ပြောလိုရင်းကို ရောက်ပါပြီ။ ကဗျာဆရာ ဟာ အများလက်ခံထားတဲ့ ဆူညံသံကို သာယာသံပါလို့ တင်ပြမယ်။ ကာရန်အဖွဲ့အနွဲ့ မပါတဲ့ ခပ်ရိုးရိုးစာကြောင်းတွေကို စီပြီးတော့ “ဒါ ကဗျာပါ” လို့ ချပြမယ်။ 
ဖွံ့ဖြိုးတိုးတက်မှုရှိပြီးသာ ဘာသာစကားတွေရဲ့ အတွင်းသားထဲမှာ ကြွယ်ဝတဲ့ အဓိပ္ပါယ်တွေ ရှိနေပြီးသားပါ။ ဒါကို မြင်အောင် ကဗျာဆရာက ပြချင်တယ်။ ဒါဟာ အနုပညာ ဟုတ်ပါတယ်၊ မဟုတ်ပါဘူး ဆိုတာက စောစောက ပြောတဲ့ ဆူညံသံနဲ့ သာယာသံကို ခွဲခြားပြသလိုမျိုး စာဖတ်သူရဲ့ ခံစားနားလည်မှုပေါ်မှာပဲ မူတည် သွားတော့တယ်။ (ဒါ့ကြောင့်ပဲ ယနေ့ ကဗျာဆရာတွေမှာ စာဖတ်သူကို ငဲ့ရတဲ့ တာဝန်တစ်ခု ပေါ့သွားတယ် လို့ ထင်တယ်။) “ဘာသာစကားကို ကစားတယ်” တဲ့ဗျ။ အဲလို သုံးနှုန်းကြတယ်။ ဘာသာစကားရဲ့ အဆီအနှစ်တွေကို တူးဖော်ကြတာ။ ဖျက်လို ဖျက်ဆီး လုပ်တာမဟုတ်ဘူး။ ဘာသာစကား ကဗျာတွေကြောင့် ဘာသာစကားတစ်ခု ပျက်စီးမသွားနိုင်ပါဘူး။ တစ်ခုပဲ ရှိတယ်။ တူးဖော်တယ်ဆိုတဲ့ နေရာမှာ နယ်တစ်ခု အတွင်းကနေ အခြားနယ်တစ်ခုကို မသိမသာ ရောက်သွားအောင်ထိ တူးဖော်လို့ ရနိုင်တယ်။ လူမြင်ကွင်းကနေ မဟုတ်ပဲ တိတ်တဆိတ် ဆိုသလို ဘာသာစကားဟာ နယ် တစ်ခုဆီကို တစ်ချိန်ချိန်မှာ ရွေ့သွားနိုင်တယ်။
 ပုံကြမ်းကို အချောသတ်ပုံစံ မြင်အောင်ကြည့်ပါ။ လျာထားပုံစံ ထုထားတဲ့ ပန်းပု ကို ရုပ်လုံးမြင်အောင် ကြည့်ပါ။ ပန္နက်ရိုက်ထားတဲ့မြေပြင်ကို အဆောက်အဦး အဖြစ် မြင်ကြည့်ကြစို့။ ကျွန်တော်တို့ ဘာသာစကားဟာ အနုပညာအားလုံးရဲ့ ပုံကြမ်းတစ်ခု ဖြစ်နေတာကို တွေ့ကြရမှာပါ။
တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကို သံယာမှုလို့၊ နောက်ပြီး ဒီတိုင်းချရေးထားတဲ့ စာကြောင်းတွေထဲက အဆီအနှစ်တွေကို ကာရန် (အနုပညာ) လို့ မြင်လာပြီ ဆိုတာနဲ့ ဘာသာစကား ကဗျာတွေရဲ့ နောက်ကို လိုက်လာခဲ့ပါ။ ဘာသာစကားနယ်ချဲ့ နေတဲ့ တူးဖော်ရေးသမား ကဗျာဆရာတွေနဲ့ တစ်နေရာရာမှာ တွေ့ရအောင်လို့ပေါ့။

လက်ဝဲ

Tuesday, January 31, 2012

ခေတ်ပြိုင်ကဗျာ နှင့် ကျွန်တော့် အတ္တနောမတိ

“သိုးကလေ၊ ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည့်
ရွှေနှင့်ယိုးမှား၊ ပန်းစကား” အစချီ မင်းမဟာဂီရိ နတ်မင်းကို တိုင်တည်ခဲ့သော ပုပ္ပါးတောင်အလှဖွဲ့ ပုဂံကဗျာက စတင်၍ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လေးချိုး၊ ဒွေးချိုး၊... စသဖြင့် စသဖြင့်သော ကဗျာ အမျိုးအစား များစွာကို ကျွန်တော်တို့ ရင်းနှီးခဲ့ကြသည်။ မြန်မာကဗျာသည် ခေတ်အဆက်ဆက်တွင် လု့အဖွဲ့အစည်း၊ လူတန်းစားအလွှာပေါ်တွင် မူတည်၍ အဖွဲ့အနွဲ့ အမျိုးအစားများစွာ ပေါ်ထွက်လာခဲ့သည်။ ကဗျာသည် ခေတ်ကို ထင်ဟပ် စေသည်။ ကဗျာများသည် ခေတ်အကြောင်းကို ပြောနေကြသည်။ ပုဂံခေတ် အနန္တသူရိယ အမတ်၏ “သူတည်းတစ်ယောက်” လင်္ကာ၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်၏ “ရွှေဖဝါးတော်အောက် ကျွန်၏လျှောက်ဖြင့်” အစချီ ရတု၊ အင်းဝခေတ်က ကိုးခန်းပျို့၊ တောင်ငူခေတ် က နတ်ရှင်နောင် ရတုများ စသည့် ကဗျာများသည် ခေတ်ကို မီးမောင်းထိုးပြနိုင်ခဲ့သော ကဗျာများဖြစ်သည်။ ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ တျာချင်းများ၊ ရှင်ငြိမ်းမယ် အိုင်ချင်းများလည်း အလားတူပင် ဖြစ်သည်။ ပြောလိုသည်မှာ ခေတ်၏ ပြောင်းလဲ မှုနှင့် အတူ ကဗျာ အရေးအဖွဲ့လည်း ပြောင်းလိုက်လာသည်။ 
ယနေ့ကဗျာများတွင်.......
တစ်ပါဒ လျှင် စကားလုံး (၄)လုံး၊ အဖျားချ (၇)လုံး ရှိလျှင် လင်္ကာ၊ ၂ပိုဒ် နှင့် ၂ ချိုးပါပြီး အဖျားချ ကာရံတစ်စုံ ညီလျှင် ဒွေးချိုး၊ ၄ပိုဒ် ၄ချိုး ပါပြီး အဖျားချ ကာရန် ၂ စုံညီလျှင် လေးချိုး စသည့် ကဗျာ အရေးအဖွဲ့ စည်းမျဉ်းစည်းကမ်း တို့၏ အပြင်ဖက်သို့ ဖောက်ထွက်လာမှု၊ ကဗျာဆရာတို့၏ လွပ်လပ်စွာ ဖန်တီးခြင်းကို နှစ်သက်မှု တို့မှ စတင်ပြီး ယနေ့ ခေတ်ပြိုင်ကဗျာများ ဖြစ်လာသည်။
ရှေးရိုးကဗျာများတွင် ကဗျာဆရာသည် မိမိတွေ့မြင်ရသည်တို့၏ ဂုဏ်ပုဒ်များကို ချီးကျူးဖွဲ့ဆိုကြသည်။ စကားလှ စကားဆန်းများထည့်သွင်းတတ်သည်။ ကိုလိုနီခေတ်နောက်ပိုင်း ခေတ်စမ်းကဗျာ ပေါ်ထွက်လာသောအခါ လမ်းဟောင်းကို စွန့်လွှတ်၍ စိတ်ခံစားမှု အသားပေးသည့် လူ့သဘော လူ့သဘာဝ ကိုဖွဲ့ဆိုသည့် ပုံစံသစ်ကို ဖောက်ထွက်လာခဲ့သည်။ ကဗျာဆရာတို့သည် ပြည်တွင်းအပြင် ပြည်ပ ကဗျာများကိုပါ ဖတ်ရှု လာရာမှ ယနေ့ မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်များဆီ ကူးပြောင်းလာခဲ့သည်။
ခေတ်ပြိုင်ကဗျာတို့၏ ကာရန်လွတ်လပ်မှု(Free Verse) အပေါ် အငြင်းပွားမှုများ ရှိသော်လည်း ကဗျာဆရာတို့သည် မိမိတို့၏ အရေးအဖွဲ့ အပေါ် သံသယ ကင်းမဲ့စွာ ရေးဖွဲ့လာကြသည်။ အမှန်တကယ်တွင် ကာရန်မဲ့သည်ဟု ထင်ရသော ခေတ်ပြိုင်ကဗျာတို့တွင် မမြင်နိုင်သော ကာရန်များ ရှိနေသည်။ တခါတရံ ကဗျာများက စိတ်နယ် ၏ အပြင်ဖက်ထိ ဆွဲခေါ်သွားတတ်ကြသည်။ ကဗျာဆရာ၏ ကိုယ်ပိုင်အတ္တများ၊ တက်ကြွမှု၊ စိတ်သိမ်ငယ်မှု၊ ခြောက်ခြားမှု၊ အထီးကျန်ဆန်မှု တို့ ကဲ့သို့သော ခံစားချက် များကို ကဗျာများတွင် မြှုပ်နှံထားကြသည်။ တင်ပြပုံ အသစ်များကို ဖန်တီးရာတွင် နိုင်ငံခြား ကဗျာများကို ပါ ဆင့်ပွားလေ့လာရာမှ မော်ဒန်လောကတွင်ပင် ကဗျာအယူအဆ များစွာ ကွဲပြားလာသည်။ ဒဿန ဆန်သော အဖွဲများ၊ လွပ်လပ်သောကာရန်ဖြင့် လွပ်လပ်သော စကားလုံးများသည် မြန်မာစာဖတ်ပရိတ်သတ်ဆီသို့ သူစိမ်းဆန်စွာ ဝင်ရောက်လာသည်။စာဖတ်သူ အများစု သည် ခေတ်ပြိုင် မော်ဒန်ကဗျာများကို ပစ်ပယ်ခြင်းလဲ မပြု၊ ဖက်တွယ်ခြင်းလဲ မပြုပဲ ဘာသိဘာသာ လက်ခံထားကြသည်။ စာဖတ်သူထံမှ ကဗျာဆရာတို့သည် ကောက်ချက်တစ်စုံတစ်ရာ မရရှိခဲ့ကြ။ စာဖတ်သူ အနည်းစုကတော့ ကဗျာကို ကဗျာလို အလိုက်သင့် ခံစားကြသည်။ အချို့ က အမြင် အမျိုးမျိုးဖြင့် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုမှုများသည် သဘောထားကွဲလွဲမှုဖြင့် စပြီး သဘောထားကွဲလွဲမှု ဖြင့်သာ အဆုံးသတ်သွားတတ်သည်။ မော်ဒန်ကဗျာသည် မြန်မာစာဖတ်သူများကြားတွင် ဗီလိန်တစ်ယောက်ဖြစ်လာသည်။ အချို့ က ခေတ်ပြိုင်ကဗျာတို့ကို လက်မြောက်ကြသည်။ ကန့်ကွက် ရှုတ်ချသည်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ ခေတ်ပြိုင်ကဗျာရေးနေကြသော ကဗျာဆရာများသည် ကဗျာတွေကို ရေးနေကြဆဲပဲ ဖြစ်ပါသည်။ အချို့က စာဖတ်သူကို ဥိးတည်၍ ဖြေရှင်းချက် ပေးလိုကြသည်။ အချို့က မိမိ ကဗျာ ဝိဥာဉ်လေးတစ်ခုထဲဖြင့် ကဗျာရေးနေကြသည်။ မည်သို့ ဖြစ်ပါစေ.. ယနေ့ ခေတ်ပြိုင်ကဗျာများသည်လဲ ခေတ်အဆက်ဆက် ကဗျာများကဲ့သို့ပင် မျက်မှောက်ခေတ်ကို ထင်ဟပ် နေလိမ့်ဥိးမည် ဖြစ်ပါသည်။ 
သေချာတာ တစ်ခုတော့ ရှိပါသည်။ “ကဗျာဆရာများသည် ကဗျာများကို ရေးနေကြသည်။”

  • ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင် ထင်မြင်ချက် သာလျှင်ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိပါသည်။
လက်ဝဲ