Pages

Subscribe:

Ads 468x60px

Thursday, September 6, 2012

လူမှုယန္တရားဟာ နာရီလည်နှုန်းအတိုင်း ခင်ဗျားဆီ

ဝင်လာကတည်းက ခြေလှမ်းအမှားကြီးက
ဖယောင်းပုဆိုး အမှားကြီးပေါ်မှာ....
လေကို လေနဲ့ မှုတ်လိုက်တယ်
အံ့သြစရာ ကောင်းလောက်အောင်
မုန်တိုင်းတစ်ခု ထွက်ကျ လာတယ်။

ကြက်သီးမွှေးညှင်းတွေ ရွက် ထားတဲ့ ကျွန်တော့်ကို
အဓိပ္ပါယ်မရှိ ဝိုင်းထမ်းကြပြန်
ကျွန်တော့်မှာတော့ ဒုက္ခသည်တစ်ယောက်လို
ဝမ်းလျားထိုး ကောင်းကင်ကြီးအောက်မှာ
ပက်လက်ကလေး လန်လို့။

လိုအပ်ခြင်းနာရီတွေ ရပ်နေတယ်
ကိုယ်စီကိုယ်စီ ပြာယာခတ်နေကြပြန်တယ်
ကျွန်တော် လှမ်းအော်မယ်လုပ်တော့
ကျွန်တော့်ပါးစပ်ထဲက မုန်တိုင်း ထွက်လာတယ်
ကျွန်တော် ထ ထိုင်မယ် လုပ်တော့
ကျွန်တော့် နာရီ ရပ်သွားတယ်။   ။


လက်ဝဲ

Wednesday, August 15, 2012

ကဗျာချစ်သူ


ကဗျာ ချစ်တယ်
ကဗျာ ဖတ်တယ်
ကဗျာ ရွတ်တယ်
ကဗျာ တွေဝေဖန်တယ်
ကဗျာ မရေးဘူး
ကမ္ဘာ ပျက်မှာထက်
ကဗျာပျက်မှာ ပိုကြောက်လို့ .....

ဂေါ့သစ်


ကြိုးနှင့် ချည်သော...

ကြိုးနှင့် ချည်သော..

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။



လက်ဝဲ

Wednesday, August 8, 2012

အချိန်တွေ ကြာလာတာနဲ့ အမျှ

အချိန်တွေ ကြာလာတာနဲ့ အမျှ
အေးစက်လာတယ်
ရောဂါဟာ... ခန္ဓာကိုယ်ပေါ်မှာ.... ရင်ဘတ်ထဲမှာ.. သွေးကြောထဲမှာ...
တစ်ကိုယ်လုံးဟာ ရောဂါ ဖြစ်လို့..... တစ်ကမ္ဘာလုံးဟာ ရောဂါဖြစ်လို့
ဟိုဖက်လမ်းနဲ့ ဒီဖက်လမ်းကလဲ ဖျားနေတယ်..
မြန်မာနဲ့ စင်ကာပူ လဲ နေမကောင်းဘူး.....
သူငယ်ချင်းလဲ ရောဂါ.. ချစ်သူလဲ ရောဂါ....
ငါလဲ ရောဂါ... ငါ့ မန်မိုရီ စတစ် လေးပါ.. အပူချိန်တွေ တက်လာ။

ဆိုတော့
ဒီဖက်ခေတ်မှာ... သူရော မင်းရော.. ငါရော...
အုတ်အရောရော ကျောက်အရောရော..
သွေဖီရာတွေကို ပြောနေကြရမယ့်အစား...
ငါတို့တွေ ပြောပြောနေကြတဲ့ ရောဂါနဲ့
သူတို့တွေ ပြောပြောနေကြတဲ့ ရောဂါ...
အေးစက်လာတယ်......................
အေးမြလာတာတော့ မဟုတ်ဘူး...
အချိန်တွေ ကြာလာတာနဲ့ အမျှ။

ဒီတစ်လလုံး...
ကျွန်တော်ဟာ...
တစ်လောကလုံးနည်းတူ..
ဖျားနေခဲ့ပါတယ် မိတ်ဆွေ။
 
 
လက်ဝဲ

Wednesday, July 25, 2012

ဆယ့်နှစ်နာရီကောင်

မင်းစေတနာတွေ အမှည့်လွန်နေတော့ရော
ဘယ်သူတွေ ဘယ်စီးကြောင်းမှာ မျောလဲ ဆိုတာ
ဘယ်သူတွေ စိတ်ဝင်တစားပြောကြလဲ
သက်သက်မဲ့ ခံစားချက်တွေ မောပါတယ်
အဲဒီ သဘောထားနှစ်ခုကို  ရောပစ်လိုက်
ငါ မပြောမိတဲ့ အမှိုက် တစ်စ ဟာ
တောသံတောင်သံတွေနဲ့ ရောက်လာ
ဒီလိုနဲ့...။

လောကဓမ္မဟာ တလောက ကိစ္စနဲ့ ပြောရရင်
သူ့ အမြင်တွေထဲမှာ လက်ဟန်ခြေဟန်တွေ ရော  လို့
သဘောထားကွဲလွဲမှုတွေ စားပွဲပေါ်မှာ မော... လို့
ဒီလိုနဲ့...။

“ည” အက္ခရာလေး တိမ်ကောရတော့ မလိုနဲ့
ငါ့ အိမ်ပြန်ချိန် စောမှာ မဟုတ်တော့ သလို
အဲဒီလိုနဲ့..။ ။


လက်ဝဲ

Sunday, July 8, 2012

ဒါ ဘယ်သူ့ အညာလဲ

တမာရွက်တို့ တငွေ့ငွေ့ကြွေ
ငါ့ ကိုပြောပါ
ဒါ ဘယ်သူ့နွေလဲ။

ရေဗူးမပါ ခြေဗလာနဲ့
ငါ့ ကို ပြောပါ
ဒါ ဘယ်သူ့ ယာ လဲ။

ယိုယွင်းနေတဲ့ အညာက
ဝတ္တရား အရ ပြုံးပြ
ငါ
လှည်းလမ်းလေးဘေးကို
သက်ပြင်းတွေ ပြေးချ လိုက်ချင်ရဲ့။

ဝေးသွားလိုက် နီးလာလိုက်
ရေခပ်ချိန်လေး မှောင်မိုက်နေလေရဲ့
လေရူး တို့ တ၀ူးဝူးတိုက်ခတ်
ရွာဦးကျောင်းကြီးလဲ တုံးခေါက်သံမဲ့နေသတဲ့။

ဒါဟာ
လွန်ခဲ့တဲ့ လဆုတ်တစ်ရက်က မက်တဲ့
အညာအိပ်မက် လက်တစ်ဆုပ်စာလေးပေါ့။  ။

လက်ဝဲ

Tuesday, June 26, 2012

ယွန်း

ပခုံးချင်းတိုက်မိနေကျ မိုးဥတုတွေထဲက
တိမ်တစ်ဆုပ်ကို သတိထားမိလိုက်သလို
သာမန် ဘိုင်အိုဂရပ်ဖီတစ်အုပ်ကို
ရိုးရိုးသားသား ဖတ်ကြည့်မိရာက စ။

အပြုံးထဲဝင်ပြီးတစ်ရေးအိပ်မိလို့
နှုတ်ခမ်းလေးနဲ့ နိုးထခွင့်ရရုံ
သူမ ရယ်သံလေးထဲမှာပဲ
ခိုလှုံချင်နေမိရာက စ။

မှတ်မိနေသမျှကိုပဲ မှတ်ထားခွင့်ရရုံ
ကြုံခဲ့သမျှကိုပဲ ပြန်တွေ့ခွင့်ရရုံ
ဖြစ်လာသလောက်ကိုပဲ မျှော်လင့်ခွင့်ရရုံ
သူမတစ်မျက်နှာထဲကပဲ ကိုယ့်အတွက် ဖူလုံနေသလိုလို။

ဟိုတစ်စ သည်တစ်စ
သိမ်းထားမိသမျှတွေထဲမှာ
မျက်လွှာအဝင့် နှုတ်ခမ်းအဖွင့်လေးက အစ
ဆံနွယ်အယိမ်း မျက်ဝန်းလေး သိမ်းသွားသည် အထိ။

လက်ဝဲ

Wednesday, June 6, 2012

လူယောင်

ဖမ်းမမိလိုက်တဲ့
လမင်းအစင်းစင်းကိုပဲ
တို့တွေ
နှမြောတသ ဖြစ်လိုက်ကြရအောင်.. တဲ့။

ကိုယ့်နေရောင်နဲ့ကိုယ်
မှောင်ရလွန်းလို့
ခလုတ်ဖွင့်မထားတဲ့ မင်း
အပျင်းကြီးတယ်။

လက်ဝဲ

Thursday, May 31, 2012

မိဿရာသီမှာ ငါရွာထားတဲ့ မိုး

ကိုယ့်ကိုယ်ကိုယ် ပြန်ရေးမှ
ကိုယ်လက်ရေးမလှတာ ကို အလိုမကျတွေဖြစ်ရ
ငါဟာ... တေလေတစ်ကောင်
ငါဟာ.. အမှိုက် တစ်စ
ငါဟာ.. ဖုန်မှုန့်လေး တစ်စက်
ဘယ်လိုပဲ ဖြစ်ဖြစ် လွင့်ခဲ့ပြီးပြီ။

`လူဟာ
ကိုယ့်ရက်စွဲနဲ့ကိုယ် သင်ကြားတတ်ရမယ်´
ကောင်းကင်ရဲ့ မှာသံဟာ..
ငါ ခေါင်းညိတ်ခဲ့တဲ့ စာရင်းထဲ ပါ မပါ
ပြက္ခဒိန်ထဲမှာ ဘာမှမတွေ့တဲ့နေ့က
နှစ်နှစ်လောက် ခြ စားခံခဲ့ရ။

ငါ
တောင်ပံအသစ် တစ်စုံအဖြစ်
ငှက်အသစ်တစ်ကောင် အဖြစ်
မီးခြစ်ဆံလေး တစ်ချောင်းစာလောက်
ကိုယ့်ရင်ထဲကိုပဲ ပြန်ပြီးလွတ်ကျ ဖြစ်ခဲ့တယ်။

ငါ့ကိုယ်ငါ တူးဖော်မိတော့..
ငါဟာ.. မြေသားအလွှာတွေထဲမှာ
ငါ့ကိုယ်ငါ ရွက်လွှင့်မိတော့
ငါဟာ.. ပင်လယ်ဆန်ဆန်
လှိုင်းတွေထန်နေပြန်ရော..
အဲဒါနဲ့
ငါ့ကိုယ်ငါ မွေးဖွားပစ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကိုယ့် အသိစိတ်နဲ့ကိုယ် တန်ဖိုးထားမိတဲ့
မိုးကောင်းကင်ဟာ
သိမ်မွေ့ ၀ပ်တွားစွာ ငါ့ကို...
သက်ဆင်းစေခဲ့
သူအုပ်မိုးထားတဲ့ နေရာမှာ..
ယဉ်ကျေးမှု ထွန်းကားစေမတဲ့။

အဲဒီလိုနဲ့
တိမ်ကိုစီးပြီး ယီးလေး ခိုခဲ့ဖူးတဲ့ငါဟာ...
ခု ကိုယ့်ဗီဇနဲ့ကိုယ် ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်ကလေး တစ်စပေါ့
ငါ့ဖြစ်တည်မှုကိုငါ ကျေနပ်နိုင်ပြီ။

အဲဒီလိုနဲ့
တစ်နေ့..
ပန်ဒိုရာဘောက်(စ်) ထဲကနေ
တစ်စုံတစ်ရာ အငွေ့ပျံတက်လာမဲ့ တစ်နေ့
မေ့လို့ မရတော့လောက်အောင်
လူရှေ့သူရှေ့မှာ...
ငါ့ကိုယ်ငါ ရွာချ ပစ်လိုက်ပါ့မယ်။    ။


လက်ဝဲ

Friday, May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

Friday, May 4, 2012

ကြမ်းပေါ် ပုံထားတဲ့ မာန

ချွေးနဲ့ ဆောက်ထားတဲ့ ခနော်ခနဲ့ အိမ်လေးလေ
ကနုတ်ပန်းဆွဲတွေ မရှိတော့ရော
ဘာဖြစ်သေးလဲ။

ဘ၀ ဆိုတာ ရုန်းကန်နေရမှ
သူ့ရုပ်လုံးပေါ်လာတတ်သတဲ့
ကျုပ်ဟာ
နေပူု ကျဲကျဲမှာ ဖြစ်ဖြစ် မိုးသည်းထဲမှာ ဖြစ်ဖြစ်
သူ့ကို ထုဆစ်တဲ့ ပန်းပုဆရာတစ်ယောက်
ဖြစ်ချင်ခဲ့/ ဖြစ်နေခဲ့ရပြန်တယ်။

အောက်ခြေလူတန်းစား ဆိုတာ
အပေါ်ယံလေးပဲ ကြည့်ချင်တယ် ဆိုရင်တောင်
ငုံကြည့်မှ မြင်ရမယ့် အမျိုးဆိုတော့
ကျုပ်က ဘယ်သူ့ကိုမှ
အိမ်ထဲကို ဖိနပ်ချွတ်ဝင်လာဖို့ မတိုက်တွန်းပါဘူး။

ကိုယ့်စွမ်းအင်ကိုယ် ချနင်းရလို့
သိပ်မလင်းပါဘူး မိတ်ဆွေ
ဒီလိုပဲ ကျုပ်တို့
အုတ်အရောရော ကျောက်အရောရော
နေနေကြရတာ။

ဒါလဲ အမြင်ပိုင်းဆိုင်ရာ သက်သက် ပါလေ
ရင်ထဲမှာ နှလုံးထဲမှာ...
(ပြောရရင် ကြီးကျယ်ရာတော့ ကျတယ်)
လမင်းလောက်သာ မခမ်းနားတာပါ
ကြယ်လေးလောက်တော့
တောက်ပချင်စိတ် ပြင်းပြပါတယ်။    ။

လက်ဝဲ

Friday, April 13, 2012

ကြယ်ကိုစွဲပြီး ကြွေတဲ့လူ

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲ
ဇာတ်လိုက်တွေက
ကြယ်တွေပဲ ဖြစ်သွားကြ...
သူတို့ ကြွေလွင့်မှုတွေ
လှ လို့  ပ လို့...။


မေမေရေ...
ပုံပြင်တွေကလဲ လင်းပြတယ်
သမိုင်းတွေကလဲ ကဆုန်ပေါက်ပြတယ်
သူတို့ ရာဇဝင်တွေက
သားရင်ဘတ်ကို တပ်လှန့်နေကြတယ်။

အိပ်မက်တွေ အလံတလူလူနဲ့
ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
တစ်ခေတ် တစ်ခါမှာ..
သားက...
လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

ကြေးစည်သံ ကြားတယ် မေမေ...
ရေအိုးခွဲသံ ငိုသံတွေထက်
ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
မကြားရမချင်း သားဝိဥာဉ်က
တစ်ညချင်း တစ်ညချင်း
ချနင်းသွားရမှာပဲ မေမေ..။


လက်ဝဲ

Friday, April 6, 2012

အနုပညာလက်

အနုပညာလက်

လက်ချောင်းများရဲ့ ဖြစ်တည်မှုကို
သွန်ချလိုက်တယ် .... ။

လက်ချောင်းများရဲ့ ရာဇ၀င်ဟာ
သူတို့သမိုင်းကို သူတို့ထုဆစ်လို့ ... ။
လက်ချောင်းများဟာ ရှင်သန်လှုပ်ရှားလို့ .... ။

ကလောင်သွားကို သွေးတယ် ...
စုတ်တံကိုကိုင်တယ် ...
ဂစ်တာကြိုးကို ညှိတယ် ...
လက်ချောင်းတွေ ပြောတဲ့စကား ...
လှတယ် ... ။

ဗုံတိုပတ်စတွေပေါ်မှာ
လက်ချောင်းတွေ ပြေးလွှား
ဟောဟိုက ယမင်းလေးရဲ့ လက်ချောင်းများ
ဟင်္သာချိုးလေးသာ ချိုးထား .... ။

လက်ချောင်းစကား
လှတယ် ... ။

ပြည်သူ့လက်ချောင်းများ
အနုပညာကို လက်ခုပ်တီးကြတယ် ။     ။

လက်ဝဲ

Monday, April 2, 2012

အတွေးသမား ညစာ

နောက်ဆုံးကျန်ခဲ့တဲ့ ခိုလေးလဲ ပျံသွားပြီ
စကားပင်အိုကြီးပေါ်က နောက်ဆုံးအပွင့်လဲ ကြွေပြီ
သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
ရည်ရွယ်ချက်ရှိရှိ ခရီးနှင်နေရဲ့။

ရှစ်မျက်နှာဘုရား အင်္ဂါထောင့်က ဖယောင်းမီးလဲ ငြိမ်းပြီ
ဇရပ်ပေါ်က ပုတီးစိပ်နေတဲ့ ဥပုသ်သည် လဲ ပြန်ပြီ
ဝိဥာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း
အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။

နောက်အကျဆုံး အိမ်ဆိုင်လေးလဲ ပိတ်ပြီ
ခေါင်းပေါ်က ဓါတ်တိုင်မီးလဲ ပျက်သွားပြီ
ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။

ကြယ်ကြွေပြီ
လ တိမ်ဖုံးပြီ
ခေါင်မိုးမှာ ဇီးကွက်နားပြီ
ဒင်းကလေးခမျာ
ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့
ကမ္ဘာနဲ့ ဝိဥာဉ်နဲ့ ပြဌာန်းစာအုပ်တွေနဲ့
သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ်
ညတိုင်း ညတိုင်း နက်ဖြန်ခါ တစ်ခွက် တစ်ခွက် မှာမှာ သောက်တယ်
မအိပ်ဘူုး... မငိုက်ဘူး။

သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင်သီချင်းအယ်လ်ဘမ်
နောက်ဆုံးအပုဒ်လဲ ပြီးသွားပြီ။    ။


လက်ဝဲ

Saturday, March 24, 2012

မီးမလာ၍ ပူသည်..

ကဗျာလဲ ရေးလို့ မရဘူး။ မရဆို နေ့ခင်းဖက် နေကလဲ အတော်လေးပူလာပြီကိုး။ ညည ကျလဲ မီးကမလာတော့ မှောင်ထဲမည်းမည်းမှာ ဘာမှလဲ လုပ်မရဘူး ခက်ပါသဗျာ။ ပြောပြချင်တာလေး ရှိလို့ နည်းနည်း လေကန်မလို့..။ သည်းတော့ ခံ ဗျ။ ပြောချင်ရာ ပြောမှာရယ်။ ဒီကနေ့ နေ့လည်ခင်းလေး အကြောင်းပြောချင်လို့။
ကျွန်တော် အလုပ်က မနက်ပိုင်းပြီးတော့ ၁၂ နာရီမှာထမင်းစားနားတယ်။ နေကလဲ ပူလိုက်တာ လွန်ရော..။ လမ်းပေါ်ဆိုတာ.. ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့ လူတွေကလွဲရင် ရှင်းလို့.. လင်းလို့။ ပူတာကိုးဗျ.။ အိမ်ရောက် တော့ ၁၂ နာရီ မှ နားတာဆိုတော့ ၈ နာရီကတည်းက နေနေရတာ ဆာဆာနဲ့ စားလိုက်တာ. ဘယ်ပြောကောင်းမလဲ..။ ၂ ပန်းကန်လောက် ပစ်အုပ် ပစ်လိုက်တယ်..။ ဒါနဲ့ ထမင်းစားပြီး ထမင်းလုံးစီရင်း ခဏ လှဲနေလိုက်တယ်။ မီးမလာဘူး..။
အဲဒီ မီးမလာတဲ့ အကြောင်းလဲ ပြောရဦးမယ်။ မလာ.. မလာ.. နဲ့..။ အစ ကတော့ ဆယ်တန်းစာမေးပွဲတွင်းမို့ ကျယ်ကျယ်ကျယ်ကျယ်နဲ့ ဆောင်းဘောက်စ် တွေ ဘာတွေ ဖွင့်ရင် ကျောင်းသားလေးတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ပဲ နေ့ခင်းဖက် မီးဖြတ်ထားတာ လိုလို.. ဘာလိုလို.. ညာလိုလို နဲ့ ..  ခုတော့ ဆယ်တန်းစာမေးပွဲ ပြီးသွားလို့ နဲ့ တူရဲ့.။ နေ့ရော ... ညရော.. မလာတော့ဘူး.။ အင်း.. ရွေးကောက်ပွဲကလဲ နီးလာပြီမလား..။ မီးမလာတာကြီးကိုကြည့်ပြီး ကုလားထိုင်ပေါ် လှဲရင်းကနေ အတွေးထဲမှာ.. ဘာလိုလို ညာလိုလို..။ နီးပြီဆိုတော့လေ..။ အင်း.။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲ စပ် ပြီး တွေးလိုက်မိတာပါ..။ ထားပါတော့။
ဆိုလိုချင်တာက  မီးမလာဘူးပေါ့ဗျာ.။ တစ်ရပ်ကွက်လုံးလဲ တိတ်ဆိတ်လို့.။ ကိုယ်တုန်းလုံးကြီး အိပ်တဲ့ သူတွေကအိပ်.။ ယပ်တဖျပ်ဖျပ်နဲ့ ပက်လက်လှန်သူကလှန်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့လည် ကြီးပါ။ တစ်ချို့ဆို တုန်းလုံးကြီး နေတာတောင် တစ်ကိုယ်လုံး ချွေးတွေလုံးလို့.။ ကျွန်တော်လဲ ပက်လက်ကုလားထိုင်ပေါ်လှဲရင်း ၃ နာရီမှ ပြန်သွားရမှာ ဆိုတော့ မှေးကနဲ ခဏ ပျော်သွားတယ်.။
မကြာပါဘူး.။ အုန်းအုန်းဒိုင်းဒိုင်း ဖွင့်နေတဲ့ ဆောင်းဘောက်စ် သံကြီး ကြားလိုက်ရတယ်။ လန့်နိုးသွားတယ်။ မီးလာတာလား ဆိုပြီး ဘေးနားက ပန်ကာ ခလုတ် ကောက်နှိပ်ကြည့်တယ်.။ မလာ...။ ဘာပါလိမ့် ဆိုပြီး စောစောက အသံ ကို ပြန်နားထောင်လိုက်တယ်.။ လားလား...။ သီချင်းသံမှ.. ဘာသီချင်းမှတ်နေတုန်း။
“အမေအောင်ဆန်းစုကြည် ယှဉ်ပြိုင်မည်..။ ပြည်သူရဲ့ ရှေ့ဆောင် NLD..။ တိုင်းနိုင်ငံအနှံ့ ခွပ်ဒေါင်းပြန်လာပြီ” ဆိုတာ..လေ။ တော်တော်လေး မြိုင် တဲ့ စည်းရုံးရေး သီချင်းလေး။ ဆောင်းဘောက်စ်နဲ့ အကျယ်ကြီးဖွင့်ထားတာ .။ အစကတော့ ရက်ကွက်ထဲ စည်းရုံးရေးလာဆင်းတာထင်တယ်ပေါ့.။ ရက်ကွက်ထဲက လူတွေလဲ ကျွန်တော့်လိုပဲ နိုးလာကြ.။ အိပ်မှုံ စုံမွှားနဲ့ ထကြည့်ကြနဲ့.။ ကျွန်တော်လဲ ထ ကြည့် ရတော့ သပေါ့။ မမြင်ရသေးဘူး အိမ်ရှေ့ကနေ။ အိမ်ရှေ့တွေမှာတော့ လူတွေ ထကြည့်နေကြတယ်။ ရပ်နေရင်းနဲ့ အသံနီးနီးလာတော့.. စည်းရုံးရေးကားလို့ ထင်ထားတာ မဟုတ်ဘူးဗျို့.။ ထီတွန်းလှည်းကြီး။ ကိုယ်တော်ချောက အဲဒီ သီချင်းတစ်ပုဒ်ထဲကိုပဲ ရီပိဒ် လုပ်ပြီး ဖွင့်လာတာ...။ 

အဲဒီအချိန် မှာ ရက်ကွက်ထဲက လူတွေက ပူတာတွေ အိုက်တာတွေ ခဏမေ့သွားပြီး ထီတွန်းလှည်းကြီးကို ထွက်ကြည့်သူကကြည့်.၊ ထီထိုးသူကထိုးနဲ့.. တိတ်ဆိတ်နေတဲ့ စပ်ဖျင်းဖျင်း နေ့လည်ခင်းကလေး အတော်လေး စိုပြည် သွားတယ်.။ ဦးလေးကြီးတစ်ယောက်ဆို ထွက်တောင် က တယ်..။
တစ်ချို့က ဝယ်ရုံတင်မဟုတ်ဘူး..။ ထီသည်ကို “လာ.. ဟိုဖက်လမ်း လိုက်ခဲ့ဦး .. ငါလိုက်ရောင်းပေးမယ်..” ဘာညာ နဲ့ ခေါ်သွားသေးတာ.။ ထီသည်လေးကလဲ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ အတော် ပျော်နေပုံရတယ်.။ သူကလဲ ဒီသီချင်းလေးကို မိုးလင်းတည်းက ဖွင့်ထားတယ်နဲ့ တူပါရဲ့..။ တစ်ခြား ရက်ကွက်တွေတော့မသိ။ ကျွန်တော်တို့ ရက်ကွက်ထဲတော့ အဲဒီ ထီသည် တော်တော် ရောင်းလိုက်ရတယ်.။ 

ဒီလိုပါပဲ...။
ဘဝအမောလေးတွေ.. ခဏလေးပြေပျောက်သွားတဲ့ အိုက်စပ်စပ်နေ့လည်ခင်းလေးပေါ့ဗျာ..။ ထီသည်လေးအသံ ဝေးသွားတာနဲ့ အရင်လိုပဲ ပြန် တိတ်ဆိတ်သွားပြန်ရော..။ ကိုယ့်ယပ်တောင်လေးကိုယ် ပြန်ကိုင်..။ အင်္ကျီ ပြန်ချွတ် ..။ ပြန်အိပ်...။ 

အဲဒီလို ခဏအပျော်လေးတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ကလေးက.. ထူသားပေသား ကျနေကြပေါ့...။

အစတည်းက ပြောပြီးသားပါ..။ ပြောချင်ရာ ပြောပါမယ်လို့..။ ခုတော့ ပြောလို့ပြီးသွားပြီ.။

လေးစားလျက်
လက်ဝဲ

Tuesday, March 20, 2012

သူ့ပုံတူ သူပြန်ဆွဲထားတဲ့ ကဗျာ

ကျွန်တော်က ..
အရောင်တစ်ခုခုရဲ့ ဖမ်းစားမှုနဲ့
ကဗျာတွေခင်းထားတဲ့ ပထ၀ီကို နမ်းပြီး..
ကြီးပြင်းလာတဲ့ ကောင်။

ရင်တစ်ချက် လှပ်ကနဲ ဆို
ရွှေမျက်ရည် စိုလက်လက် တွေက
ကဗျာ ပေါ် ငိုချ...
နှလုံးတစ်ဝိုက် လှိုက်ကနဲဆို
အသိုင်းအ၀ိုင်းတွေ အားလုံးရဲ့ အပြင်ထွက်ပြီး..
ကဗျာပေါ် ဟက်ဟက်ပက်ပက် ရယ်ချတတ်တယ်။

အနိမ့် အမြင့် ရစ်သမ်..
ခံစားချက် ချို ခါး
အလှဆုံးပန်းလေးတွေနဲ့..
ရုပ်အဆိုးဆုံး ကိလေသာတွေ..
ကဗျာမှာ ရှိတယ်..
ကဗျာတွေ ဖတ်တယ်..
ကဗျာတွေ ရေးတယ်...
ကျွန်တော်ဟာ..  ကဗျာတိုင်းအပေါ်မှာ
မျက်နှာများတယ်.။

ရုပ်နာမ်နှစ်ပါး ဓါတ်လေးပါးနဲ့
သုံးဆယ့်တစ်ဘုံ သားတွေ ရှိတဲ့...
ဒုတိယ လောက ဟာ... ကဗျာဖြစ်တယ်...
ဒါ့ကြောင့် ကျွန်တော်နဲ့ ကဗျာဟာ..
ကမ္ဘာပေါ်မှာ သံသရာ လည်ဖြစ်ကြတယ်။

ကဗျာ... ဆိုတာက...
ကျွန်တော် ပြန်အလည်ချင်ဆုံး မွေးရပ်ဇာတိလို
ဆွေးမြေ့ဖွယ်..
ကျွန်တော် မနက်တိုင်းတောင့်တတဲ့ လက်ဖက်ရည်လို
နိစ္စဓူဝ အာဟာရ
ကျွန်တော် အသည်းကွဲဖူးတဲ့ ရှစ်မျက်နှာဘုရားက အင်္ဂါထောင့်လို
တစ်ဆစ်ဆစ် နာကျင်နေတဲ့ ဒဏ်ရာ..။

ည... ည ကျွန်တော် အိပ်ခါနီးတိုင်း..
အမွှေးနံ့ နဲ့ မြှူဆွယ်...
အသံစူးစူး... ရူးသွပ် ဂီတနဲ့ သိမ်းသွင်းဆွဲဆောင်
ကဗျာဟာ... ကျွန်တော် ခေါင်းရင်းမှာ...
မကျွတ်မလွတ်သေးတဲ့ .. နာနာဘာဝ တစ်ကောင်လဲ ဖြစ်တယ်.။

သိပ်ကို ချစ်ဖို့ကောင်းတဲ့
ချစ်သူ သေးသေးလေး တစ်ယောက်
ကောက်ရထားသလို....
ကဗျာထားရာ နေ ကဗျာ စေရာသွား..
မာနတွေ အတ္တတွေ ဆိုတာ
ကဗျာစိတ်နဲ့ပဲ.. ဆုံးပါးသွားခဲ့တာ..
ကြာ ပေါ့ လေ..။    ။


လက်ဝဲ
ကမ္ဘာ့ကဗျာနေ့ (၂၁.၃.၂၀၁၂)

Monday, March 12, 2012

ဓါတ်ပုံ



တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။

တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။

နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ

ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။

ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။

ဖျတ်..။    ။

လက်ဝဲ

Wednesday, March 7, 2012

နေ့တွက်

လက်ထဲမှာ
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
သံယောဇဉ်တွေအတွက်
တိုက်မြင့်ပေါ်တွေ တက်ခဲ့
ဒါဟာ ငါ့ရဲ့ “နေ့တွက်” ဖြစ်တယ်။

ပန်းရံဆိုလဲ ဟုတ်၊
လက်သမားဆိုလဲ ဟုတ်၊
သူများအိမ်မှာ ပန်းကနုတ်တွေတွဲ
ငါတို့အိမ်လေး အဖီဆွဲရလိမ့်ဦးမယ်။

သမီးဖိနပ်၊ သားမုန့်ဖိုး
မိန်းမ ချက်မဲ့ ညစာဟာ..
ငါသယ်နေတဲ့ အုတ်ခဲပုံထဲမှာ ရှိရဲ့
ဒီလိုပဲ...
ငါ့ချွေးသီးချွေးပေါက်တွေ မွန်းတည့်လွန်းလှချည့်။

မိသားစု “ဇော” က ပေးတဲ့ ခွန်အား
သူတို့ သက်ပြင်းချသံ တိုးတိုးလေး ကြားချိန်မှာ
ပြန်လည် စွန့်ကြဲ ပေးသနားဖို့ တောင်းဆို...
အို... ငါ အမောဖောက်ပြီဆို
သူတို့ ခေါင်မိုးလေး မိုးယိုတော့မယ်။

အိပ်ယာထက်မှာ...
ငါ/ မပြီးမြောက်တဲ့ နိယာမ
မီးဖိုချောင် ထကြည့်
ခြေထောက်ဗလာနဲ့ သမီး
မုန့်စားချင်တဲ့ သား။

သံလျက်တန်းလန်းနဲ့ အင်္ဂတေ
ရေပေါ်မထိုးရသေးတဲ့ ပျဉ်ချပ်
ဆေးခန်းမသွားနိုင်သေးတဲ့ ငါ
အားလုံးဟာ.. ငါ့အတွက်
မပျောက်သေးတဲ့ ရောဂါ။

အိမ်ထဲမှာ..
မီးဖိုးချောင်ထဲမှာ..
လက်ထဲမှာ...
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
ဒါ................
မိသားစုအတွက် “နေ့တွက်” ဖြစ်တယ်။    ။

လက်ဝဲ

Sunday, March 4, 2012

ငါ့သမိုင်း

လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပိတ်ထားတဲ့
တံခါးတစ်ချပ်လား
ခင်ဗျား မျှော်လင့်ချက်ဆိုတာကို
ကိုးကွယ်ဖူးသလား။

သစ်ပင်တွေမြင်တိုင်း ကြွေကျရမှာ ကြောက်တယ်
တစ်ရှူးစ တွေမြင်ရင်
လူက အလိုလိုနေရင်း လွင့်ဝဲ သွားတတ်တယ်
ငါဟာ သိပ်ကို ပျော့ညံ့လွန်းလှပါတယ်ကွယ်။

ဘာတွေထုဆစ်ဖူးလဲ
ကိုယ်ဖန်တီးမှုတွေက ကိုယ့်ဆီကို
ဖုန်း ဘယ်နှစ်ခါ ပြန်ခေါ်ပြီလဲ (ထားတော့)
မနက်ဖြန် ငါ့ကို ဘာနက္ခတ် ဝင်စားမလဲ။

မသိဘူး
ငါ့သမိုင်းဆိုတာ
ငါ သေမှ ဖြစ်လာမှာ။    ။


လက်ဝဲ

Friday, March 2, 2012

သမိုင်းဝင် အညစ်အကြေးများ

မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
အဆုံးထိ နစ်ဝင် အစွန်ထိ ကျွံကျ မသိခြင်းကို မသိခြင်းလို့ မသိကြ
(အနတ္တသဘောကို သံသယ ရှိနေသေး သမျှ သံသရာမှပဲ နစ်လိုက်ကြ)
မရှိသေးရင် ဝယ်ပြီး ရူး ဝယ်ပြီးမိုက်ကြ.. အတ္တနန်းတော်ရဲ့ ခမ်းနားမှု အမိုက်အမှောင်မှာသာ
ပျော်ရွှင်ကြ (ဆုတွေလဲ ပန်ကြရဲ့...........)
မနက်ဖြန်များစွာရဲ့ လက်မှတ်မပါတဲ့ ခရီးတွေကို စီးနင်း လိုက်ပါကြ
(ဘူတာတွေသာ ဥသြဆွဲသွားကြ)
ဘယ် ညနေမှ လေမတိုက်ချင်နေ မိုက်ရူးရဲဆန်ဆန် လေကို ပြန်တိုက်ကြ
ကမ်းတွေ မရှိ စည်းတွေ မဲ့ကြ...
ကမ်းတွေပဲ့ကျ တံတားတွေကျိုးကျ
ကပ်ဆိုက်နေတဲ့ ညတွေကို မျက်နှာလွဲခဲပစ် ဖြတ်သန်းကြ
တူးကြ ဆွကြ သန်းခုနစ်ထောင်မြောက် ဒုက္ခကိုလဲ ရယ်သွမ်းသွေးမိကြရဲ့
ဆင်းရဲနွမ်းပါးမှု  ပြဿနာ၊ အကျင့်ပျက် ချစားမှု ပြဿနာ၊ .... ပြဿနာ..
ပြဿနာပေါင်းများစွာ ရဲ့ စိန်ခေါ်မှုကို ငါတို့ဟာ ငါတို့ဘာသာ အော်ဟစ်ကြ ဆူညံကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
ကယ်တင်ကြ ထောက်ပံ့ကြ အားပေးကြ သူ့ အရပ် သူ့ဇာတ် မနိုင်ရင် လွှတ်သာ ချကြ
အားမလို အားမရ အချင်းချင်းလဲ ဆဲကြ ဆိုကြ... တိုကြ ရှည်ကြ.. ကွဲကြ ပြဲကြ ဖြောင့်ကြ ကောက်ကြ
ဘဝထဲက သဘာဝတွေကို ရောင်စုံတွေ ရေးခြစ်ကြ...
ငါတို့တွေ ခေတ်အပျက်ကြီးထဲမှာ နေနေကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
.............................................................................ကြ..
ဂွတီး ဂွကျ ဘဝထဲမှာ ငါတို့ မွေးဖွားလိုက်ကြ သေလိုက်ကြ...။    ။

လက်ဝဲ

Thursday, March 1, 2012

ငါးထောင်တန် ဖုန်းအပေါ် ဘလော့ဂါတို့ အမြင် (တဂ်ပို့စ်)

အမ အိန်ဂျယ်လှိုင် တဂ်ပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပက်သက်လို့ အများကြီး ပြောစရာ ရှိတယ်။ ပြောချင်ပါတယ်။ ပြောပါ့မယ်။ ငါးထောင်တန် ဆင်းမ် ကဒ် နဲ့ ပက်သက်လို့ ဂယက်ထလိုက်တဲ့ အချိန်က စလို့ ပြည်သူတွေ မျှော်လင့်လိုက်ရတာ.။ လူတွေ က မျှော်လင့်ချက်နဲ့ အသက်ရှင်ရတယ် ဆိုတာ မြန်မာပြည်မှာ တယ်မှန်သကိုးဗျ။ ဆင်းရဲမှု ပပျောက်ရေးဆိုလဲ မျှော်လင့်ရ၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုလဲ မျှော်လင့်ရ၊ ကော်နက်ရှင်တွေ ကောင်းတော့မယ် ဆိုလဲ မျှော်လင့်ရ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မယ် ဆိုလဲ မျှော်လင့်ရ၊ ခု လာပြန်ပြီ။ ကျွန်တော်တို့ မျှော်လင့်ခဲ့ရပေါင်းလဲ များပါပြီ။ ဟုတ်။ ဆက်ပြီးမျှော်လင့်ကြတာပေါ့။ 

ခု ကျွန်တော် စပြီး မေးခွန်းဖြေပါ့မယ်။ ကျွန်တော် ဖြေတဲ့ အဖြေတွေ ဟာ ဘလော့ဂါ အားလုံးဖြေထားတဲ့ မေးခွန်းတွေနဲ့ ကြောင်းတူ သံကွဲပါပဲ။ ဒါပါပဲ။ ကျွန်တော်လဲ အောက်ခြေလူတန်းစား တစ်ယောက်မို့ မျှော်လင့်မိတာပေါ့။ 
ကြို တောင်းပန်ပါရစေ။ အောက်က မေးခွန်းတွေကို ကျွန်တော့် ရင်ထဲမှာ ရှိတဲ့ အတိုင်း ဖြေမှာမလို့ ကျွန်တော့် စကားထဲမှာ အမှားပါရင်.. ရိုင်းသွားတာပါရင်.. တစ်ဆိတ် ခွင့်လွှတ်ကြပါခင်ဗျာ။
 
 
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ထားပါတော့ တစ်သိန်းရှစ်သောင်းပဲ ထားတော့ .။ ကျွန်တော် မတတ်နိုင်ပါဘူး။ အဲဒီအတွက် ဒီ တစ်သိန်းရှစ်သောင်းတန်ဖုန်းက တန်ဖိုးနည်း ဖုန်းလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ (တန်ဖိုးနည်းဖုန်းလို့ သုံးစွဲနေကြတယ်နော်)..။ တကယ်က တန်ဖိုးနည်းဖုန်း နဲ့ တန်ဖိုးများဖုန်း ဆိုပြီး နှစ်မျိုးရှိမနေသင့်ဘူးဗျ။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ဆန္ဒပြနေကြတယ်လို့ မြင်ပါတယ်။ ပြည်သူတွေ ရဲ့ ဆန္ဒကို အစိုးရမြင်အောင် ပြနေကြတာပဲလေ။ ဒါကလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဆန္ဒပြတယ် ဆိုတဲ့ နေရာမှာ.. ပြည်သူလူထု တစ်ရပ် အကျိုးရှိစေမယ့် အရာတစ်ခု ရှိနေမယ်။ အစိုးရက (မသိလို့ဖြစ်စေ သိသိကြီးနဲ့ ဖြစ်စေ) မျက်နှာလွှဲထားတဲ့အခြေအနေမှာ  သိအောင် ပြဖို့ကို လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အားပေးပါတယ်။ လုပ်ပိုင်ခွင့် မရှိတဲ့ သူတွေက လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို လုပ်စေချင်လို့ ဖင်တွန်းတဲ့ သဘောပါ။ ကောင်းပါတယ်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါကလဲ အထက်က အကြောင်းအရာ နဲ့ အလားတူ ပါပဲ။ ဒီတစ်ခုက ပိုပြီး ထိရောက်ပါတယ်။ လွှတ်တော်နဲ့ တိုက်ရိုက်ထိတွေ့ရတယ် ဆိုတာကိုး။ ဒီနေရာမှာ တစ်ခုခု ထူးခြားလာရပါမယ်။ လွှတ်တော် ကို ရောက်ပြီ ဆိုတာနဲ့ အစိုးရက သိသွားပြီ ဖြစ်တဲ့အတွက် စဉ်းစားသင့်ပါပြီ။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တ တဲ့ (ဖြစ်လဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ) ကို တိုက်ရိုက်တောင်းဆိုတာတောင် ဘာမှ ထူးခြားမလာဘူး ဆိုရင် ပြည်သူ့ အစိုးရ ကို ပြည်သူတွေ အားကိုးချင်စိတ် ပျောက်သွားနိုင်ပါတယ်။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဝဲလ်ကမ်းပါ။ လုပ်ပြီ ဆိုရင်လဲ နိုင်ငံတစ်ဝှမ်း မှာ.. တပြေးညီ ဝန်ဆောင်မှုပေးနိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါတယ်။ ငါးထောင်တန်ဖုန်းဟေ့.. နေပြည်တော် ရန်ကုန် မှာ.. ဆိုရင်လဲ မဟုတ်သေးပါဘူး။ တစ်သိန်းရှစ်သောင်းတန် ကိုင်တဲ့ လူတန်းစား တွေ နေပြည်တော် ရန်ကုန် မှာ အများကြီးရှိမှာပါ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
 
အခု ငါးထောင်တန်ဖုန်း သုံးစွဲနိုင်ရေး အမြန်ဆုံး ကြိုးပမ်းမယ် လို့ သမ္မတကြီးက ကတိပေးလိုက်တယ် လို့ ဆိုပါတယ်။ အဲဒီအတွက် ဝမ်းသာပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ပြည်သူလူထု ဆိုတာ မျှော်လင့်ရုံပဲ မျှော်လင့်လို့ ရတာပါ။ လူတစ်ယောက်ဟာ သူ့ မျှော်လင့်ချက်တွေကို သတ်ပစ်ခံရပါများရင် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ နောက်ဆုံး သူ ရူးသွားတဲ့ ထိ ဖြစ်နိုင်တာမို့.... 
နိုင်ငံတော် သမ္မတကြီး ခင်ဗျာ.. ငါးထောင်တန်ဖုန်း ဆိုတာ အကောင်အထည်မပေါ်လာရင် မြန်မာနိုင်ငံဟာ အရူးတွေ နေတဲ့ တိုင်းပြည် တစ်ခု မဖြစ်လာနိုင်ဘူး လို့ သမ္မတကြီး ပြောနိုင်ပါသလား ခင်ဗျာ.။


လေးစားလျက်
လက်ဝဲ

Wednesday, February 29, 2012

အရင်လိုပဲ.. သား ပြင်တုန်း ဆင်တုန်းပါ... အမေ

မနက်ဖြန်က စိတ်ပျက်လက်ပျက် ဘတ်စကားမှတ်တိုင်မှာ ရပ်နေတုန်း
မနေ့က ကျပ်ကျပ်ညပ်ညပ် လှောင်ပိတ်နေတဲ့ ဘတ်စကားအဟောင်းကြီးထဲ ပါသွားရဲ့...
ထီးလဲမပါဘူးအမေ.. သား ထမင်းချိုင့်လဲ ယူမသွားဘူး
ဘာကို အာခေါင်ခြစ်ပြီး ကျုံးဝါးနေရတာလဲ.. ဘာကို လက်သီးလက်မောင်းတန်းပြီး အားမွေးရမှာလဲ...
သားမှာ.. အနာဂါတ်ရှိလား အမေ...
မျှော်လင့်ချက်ကြီး သက်သက်နဲ့ အသိုင်းအဝိုင်းတစ်ခုထဲမှာ မတ်တပ် ရပ်နေရတာ..
အလံဖြူစော် နံလွန်းလို့ပါ...
ကိုယ်ခံအားတွေ လေတိုးခံထားရလို့... အအေးပတ်နေတယ်.... မနေ့က မနက်က
အနွေးထည်မဝတ်ပဲ အလုပ်သွားမိတယ်.. အမေ..။
စိတ်ထဲမှာလဲ နိမ့်လိုက်မြင့်လိုက်နဲ့ မရင့်ကျက်မှုတွေလို့ ထင်တာပဲ အမေ..
သူတို့တွေ သားဘဝကို ကန်ကျောက်ပြီး ကစားနေကြတယ်..
လေတွေ တိုက်တိုင်း စစ်ကိုင်းတံတားကြီးပေါ် ရောက်ရောက်သွားတယ် ...
တစ်လောကလုံး ကို အဲဒီမြစ်ပေါ်မှာ ကြောက်လွန်းလို့ ငိုဖူးတယ်.. အဲဒီနေ့က လေ ကလဲ ကြမ်းပါတယ်..
သိမ်ငယ်လို့ ဇွဲမရှိတာလား.. ဇွဲမရှိလို့ သိမ်ငယ်တာလား... ကြောက်တယ်..
ဘာလို့ ကြောက်ရမှာလဲ သားရယ်.. ဟင့်အင်း မဖြေရဲဘူး ကြောက်တယ်..
အဲလို.. ကြောက်ခဲ့ဖူးတာ အမေသိတယ်မဟုတ်လား အမေ.. အနီရောင်ကို ငယ်ငယ် ကကြောက်တယ်.။
ကျားကြီးတွေ ကိုကြောက်တယ်.. သရဲကြီးတွေကို ကြောက်တယ်.
ကပ္ပိယကြီး ဦးသိုက်ထင် ကို ကြောက်တယ်..။
ခုတော့ သိပ်ညစ်ပတ်တဲ့ ခွေးဝဲစားလေး တစ်ကောင် ပုံစံနဲ့... လေလွင့်လို့...
တစ်ခါတစ်ခါ လက်ဖက်ရည်ဆိုင်ထဲ ရောက်သွားလိုက် လမ်းပေါ်ရောက်သွားလိုက်..
မာနဆိုတာတွေက ကျောင်းသားတစ်ယောက်က စာတစ်ပုဒ်ကို
နှစ်ရက်လောက် ကျက်လို့မှ မရနိုင်သေးတဲ့ ဝေဒနာမျိုးနဲ့ ရေလိုက်ငါးလိုက်...
လမ်းပေါ်လိုက်သွားတယ်.. လက်ဖက်ရည်ဆိုင်လိုက်ထိုင်တယ်..
 ညည အိပ်မပျော်တာ စိတ်ကျရောဂါ လက္ခဏာလား..
အချိန်ပြည့် ထိုင်းမှိုင်းနေတာကရော.... တက်ကြွမှုတွေ ပျောက်ဆုံးနေတာကရော..
လမ်းပေါ်မှာ ခေါင်းငိုက်စိုက် လျှောက်နေရတာကရော..
သား စိတ်ကျရောဂါ ဝေဒနာ ခံစားနေရလားအမေ..
သား ကမ်းပါးယံမှာ.. ငေးနေရင် စိတ်ကူးတွေက မြစ်ထဲကို ခုန်ချနေတယ်..
လက်ဖက်ရည်ဆိုင်ပဲထိုင်မိပြန်ပြီ.. ဆေးလိပ်တွေပဲ သောက်မိပြန်ပြီ အမေ..
သားကိုကြည့်ပါဦးအမေ.. အရင်လို ပိန်တုန်းပဲလား.. မျက်တွင်းတွေ ခွက်နေတုန်းပဲလား..
ညည အိပ်လို့ မရလို့ပါအမေ... သားအိပ်ယာထဲမှာ... အိပ်မက်ဆိုးကြီး အိပ်နေတယ်.
အမေ... သူနဲ့ တူတူ သားမအိပ်ရဲလို့.. မနက်ခင်းကို အနားယူမှု မရှိပဲ မျက်နှာသစ်သစ် ပေးနေရတယ်..
အထိတ်တလန့်... သတိပေးခံရ.. သားဟာ ကြောက်နေရတုန်းပဲတဲ့.. အမေ...
သား အံ့သြတယ်... အမေ အားလုံးကို သိနေတာပဲ.. အမေက သားရဲ့ အကြားအမြင်ဆရာမကြိးပေါ့..
ညည စောစောပြန်အိပ်ပါ.. ပိုက်ဆံတွေ ခြွေတာသုံးပါ.. မျက်တွင်းတွေခွက်တယ်.. သားအရမ်းပိန်တယ်...
အိပ်ရေးဝဝ အိပ်ပါ.. သားရယ်.... ဆေးလိပ်တွေမသောက်ပါနဲ့..
 သားကို အမေ့စကားတွေက လှိုက်လှိုက်ပြီးစားတယ်...
သားက အမေ့အကြည့်တွေကို အိပ်မက်မက်ပြီး ရှိုက်ကြီးတငင်ငိုတယ်....
သား ချောင်းတွေဆိုးတယ်.. ဆေးလိပ်ဖြတ်ထားတယ် အမေ....
သားရဲ့... သက်ရှိဒိုင်ယာရီတစ်အုပ်က သွေးစစ်ကြည့်ဖို့ ပြောထားတယ် အမေ...
တစ်ယောက်တည်းနေပြီး ကိုယ့်ကိုကိုယ် အဖော်လုပ်ရတယ်.. သားမှာ ရည်းစားမရှိပါဘူး.. အမေ..
အမှန်အတိုင်းပြောရရင်.. စောစောက မျှော်လင့်ချက်လိုပါပဲ.. သားကိုက... သူ့ဇာတာထဲမှာ.
လက္ခဏာ အရေးအကြောင်း တစ်ခု မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့ အမေရယ်.. . အချစ်ဆိုတာ........
ကျွန်တော်အရှည်ထားခိုင်းရတဲ့ သူ့ ဆံပင်လေးတွေ.... အမေရဲ့.. (ထားပါတော့)
နေ့ခင်းဖက် အိပ်အိပ်ကြည့်လဲ သား ဝမလာပါဘူး အမေ.. ညဖက် သား ဂရုစိုက်ပြီးအိပ်ပါ့မယ်..
လမ်းအဟောင်းကို ဖိနပ်အသစ်နဲ့ ပြန်လျှောက်ဖို့ လိုအပ်နေသေးတယ်.. အမေ..
သားခြေရာ အဟောင်းတွေ ကိုတော့ လိုက်ဖျက်နေရသေးတာပေါ့.. အလုပ်မှာ သားအဆင်ပြေပါတယ်..
အရင်လိုပဲ.. ရင်ခံနေရတာပဲ... ရင်မောနေရတာပဲ.. လှိုက်လှိုက် လှိုက်လှိုက်နဲ့.. အောင့်နေသေးတာပဲ... အမေ..
ထီးလဲ မပါသေးဘူး .. ထမင်းချိုင့်လဲ မယူချင်သေးဘူး... အရင်လိုလဲ ကြောက်နေရတုန်းပဲ...
ခု... လမ်းပေါ်မှာပဲ လက်ဖက်ရည်ဆိုင်ထဲမှာပဲ... အသုံးအဖြုန်းကြီးတုန်းပဲ...
သူ့ ဆံပင်လေးတွေက သားကို မေ့ထားတုန်းပဲ... သား အရင်လိုပဲ....
အမေ.... သား ကိုယ့် ဘဝလေးနဲ့ကိုယ်... အသားပိုတွေကို ဖဲ့ဖဲ့ချနေတယ်..
အနံ့ဆိုးတွေကို ရေချိုးနေတယ်... ညည ပျော်အောင်အိပ်နေတယ်..
ဒါပေမယ့်.. အရင်လိုပဲ.. အရင်လိုပဲ... အ... ရင်... လို... ပဲ...
သားမှာ ... အားမရှိတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်.. အမေ...
စိတ်မပူပါနဲ့ ... အမေ... သားအဆင်ပြေပါတယ်..
သား... အရင်လိုပါပဲ......................။     ။


လက်ဝဲ

Saturday, February 25, 2012

နင်ဟာ ငါ့ချစ်သူဖြစ်တယ်

ပြုံးတိုင်း ရယ်တိုင်းမှာ ငါ့အတွက် ကဗျာတစ်ပုဒ်စီ ချန်ရစ်ခဲ့
နင် ဟာငါ့ချစ်သူ ဖြစ်တယ် ဇင်။
သိလားဇင်.. အချစ်က နင်၊ အချစ်က နင် ငယ်ငယ်က စီးခဲ့တဲ့ စက်ဘီးလေး၊
အချစ်က အိတ်ဆောင်နာရီလေးတစ်လုံး၊ ငါမရခဲ့ဖူးတဲ့ ဆင်တူအင်္ကျီလေးတစ်ထည်၊
နင့်ကို စာလိုက်ပေးဖူးတဲ့ လမ်းလေး၊ အချစ်က နင်အိမ်မှာ ရှိတဲ့
အမွှေးပွ ခွေးလေးပဲ.. ဇင်..  နင်နဲ့ ပက်သက်သမျှဟာ တကယ်တော့ အချစ်ပဲ။
ချိုမြိန်သာယာမှုတွေကို အရမ်းကာရော ငါ ပေးချင်တာပေါ့ ဇင်.. ဘဝကို
ဘယ် သံလိုက်အိမ်မြှောင်နဲ့ ကြည့်ကြည့် နင်ရှိတဲ့နေရာနဲ့ 
လမ်းမသင့်ဘူးတဲ့လား... နင်ပဲ ဓူဝံကြယ် ဖြစ်လိုက်စမ်းပါတော့ ဇင်ရယ်။
ကျူရှင်လှေကားထက်က ဇင်၊ ကျောင်းပေါက်ဝ က ဇင်၊ လျှာထိုးဦးထုပ် အနီရောင်လေးနဲ့ ဇင်၊
ကျောင်းစိမ်းအင်္ကျီကို ငါ ဂျီးစော်နံအောင် ဆော့တတ်တဲ့ ခေတ် ကတည်းက
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ် ဇင်။
ငါဟာ စာသင်ခန်းဝမှာ နင်ပေးခဲ့တဲ့ စာအုပ်ပြာလေး ဖြစ်တယ် ဇင် ..
ခဲတံနဲ့ ရေးထားတဲ့ “လွမ်းတယ်” ဆိုတဲ့ စကားလုံးလေးထဲမှာ ငါနေထိုင်တာပေါ့။
ခုကော လွမ်းမနေဘူးလား ဇင်.. နင့်ကို ငါချစ်တယ်။
လူတကာ လျှာပေါ်က မြက်တွေကို ငါ ထွန်ယက်စိုက်ပျိုးခဲ့တာ မဟုတ်ရိုး အမှန်ပါ။
သံသယတွေ စိမ့်ဝင်ကြပေါ့... ငါ့အိပ်မက်ကလေး တစ်ရေးနိုးရပေါ့။
ပန်းနုရောင်စာအိတ်လေးထဲ ငါ အလည်ရောက်ခဲ့သေးတယ် ဇင်ဇင်..
စာအိတ်ဖြူလေး ရောက်တဲ့နေ့ကပေါ့။ “ခွဲနေကြရအောင်”ရဲ့ နောက်မှာ ဒီကဗျာခေါင်းစဉ်ကို
သွေးရူးသွေးတန်းနဲ့ရေးခဲ့ ဖူးပါတယ်.. နင်ဟာ ငါ့ချစ်သူဖြစ်တယ် ဇင်။
နင့်လမ်းထဲကို ငါ ပြန်လျှောက်တယ် နင့်အရိပ်ကို ငါ ပြန်ရှာတယ်..
“ရင်ခွင်သစ်” သီချင်းကို ချွေးသီးချွေးပေါက်တွေနဲ့ အိပ်မက်မက်တယ် ....
ငါ့ရင်တွေ ကျိုးရပေါ့.... ငါ့ခြေလှမ်းတွေ ချိနဲ့ ရပေါ့... ဇင်..
ဘာပဲဖြစ်ဖြစ် ငါ သဝန်တိုချင်တယ်။
အရူးတစ်ယောက်လို တောင်စဉ်ရေ မရတွေလဲ ရေးခဲ့..
“မိုးရေစက်တို့ နှင်းစက်တို့ ... ငါ့ ကျောင်းတက်ချိန်လေးကို ပြန်လာခေါ်ပါ”
နင့် အငွေ့အသက်မရှိတဲ့ နှစ်တွေကို ငါ မချစ်ဘူး နင့်အနံ့မရတဲ့
ညတွေကို ငါ မုန်းလွန်းလို့ မအိပ်ချင်ဘူး ဇင်..
သက္ကရာဇ် အချို့က ငါသေပြီလို့ ကြေငြာကြလိမ့်မယ်.
ခု နင့်ရှေ့မှာ ငါလျှောက်လာနေတာ နင်မကြိုဘုးလား.. ငါလဲကျချင်နေပေမယ့်
ချစ်နေသေးလို့ စကားလုံးလေးတွေ အစိုဓါတ်ကျန်နေသေးတယ်..ဇင်...
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။
ခုတော့ ငါ  ကြယ်အသေတွေ သင်္ဂြိုလ် နေတယ်။ သက္ကရာဇ်ဖြိုချင်နေတယ်
သံစဉ်သစ်တွေ မရှိတဲ့ သီချင်းဟောင်းကို ပဲ ဂစ်တာ အသစ်နဲ့ ပြန်တီးမယ်...
အရင်လိုပြန်ချစ်ရအောင် ဇင်။
င့ါကိုယ်ပွားလေးတွေ နင့်ဘေးနားက ဘယ်တုန်းကမှ နင်နဲ့ ဝေးရာကို ထွက်မသွားဖူးဘူး မဟုတ်လားဇင်..
ပြုံးပါ ဇင်.. နင်ရယ်ပါ... ငါ ကဗျာတွေ ရေးနေမယ်..
နင်ကြိုက်တတ်တဲ့ သီချင်းတွေပဲ ရွေးနားထောင်မယ်... နင့်ညတွေကိုပဲ..
ရွေးပြီး အိပ်မက်မက်မယ်.. နင့်နှလုံးသားကို ငါ မက်မက်မောမော မွေးစားမယ်
ပန်းရိပ်ကို ခိုမိမှတော့ မိုးပြိုမယ် ဆိုလဲ ပြိုစေတော့ ဇင်....
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။    ။


လက်ဝဲ

Friday, February 24, 2012

အကင်း တဖြုတ်ဖြုတ် ညနေ

တစ်နေ့တစ်နေ့
သံဝေဂ ဆန်တဲ့ လက်ဖျားလေးတွေနဲ့
ကိုယ့်မွေးနေ့ကိုယ် ပြန်ပြန် စမ်းတယ်
ညညဆိုလဲ ယောင်ယောင်ပြီးတော့ နမ်းတယ်
ပြန်မလာဘူး ဆိုပေမယ့် တောင်ပံကျိုးလေး
ဆေးထည့်ပေးဖူးတဲ့ ငှက်ကို
မပြောမဆို လွမ်းတယ်
အဓိပ္ပါယ် မဲ့တယ်ဆိုပေမယ့် လှေနံဘေးကို
ခြေတန်းလန်းချပြီး ရမ်းတယ်။
ဒီရုပ်ဒီနာမ် ဒီခန္ဓာ
ငါ့ဇာတိနဲ့ မရဏ အတွင်းက အကြားအလပ်ကာလလေးကို
ငါ့ဘာသာငါ ဝမ်းနည်းနေပြန်ပါတယ်
ဇရာကို ဘယ်သွားထားရမလဲ (ဗျာများဖူးတယ်)
ဝမ်းသာ အယ်လဲ ဘယ်နေရာက လက်ခံမလဲ (သိမ်ငယ်တယ်)
မရပ်တန့်ဘူးလို့ နာရီတွေ က့ ဖြဲခြောက်နေသလိုပဲ (ကြောက်တယ်)။
ခပ်စောစောလေး မိုးချုပ်လိုက်မယ်လေ
ဘယ်စမ်းရေမှာပဲ ပဋိသန္ဓေ နေရ နေရ။  ။

လက်ဝဲ

Wednesday, February 22, 2012

ဘူတာတွေသာ ဥသြဆွဲ သွားကြ

ယန္တယားစနစ် ရဲ့ ဈာပန အခမ်းအနားတက်ဖို့
ကျွန်တော် ခရီးထွက်လာခဲ့တာလို့ထင်တယ်
နောက်ကျောမှာ အိပ်မရတဲ့ ညကို လိပ်ပြီး ပိုးထားတယ်
အိပ်ကပ်ထဲမှာ အချီအချလှတဲ့ ကဗျာသုံးလေးပုဒ် က ရိက္ခာ
ဆေးလိပ်ပြာတွေကို ကျန်ခဲ့တဲ့ သံပတ်နာရီ ချောက်ချက်ချောက်ချက်
မြည်သံထဲကို ခြွေချခဲ့မိတယ် (ထင်တယ်)။


ဂိတ်ဆုံးထိ လက်မှတ်ဝယ်တော့ ဘဝတစ်ဝက်ကို
ပေတံနဲ့ ညှိပြီး ဗြိကနဲ ဖြဲပေးတယ်
လောကကြီးကပေးတဲ့ ဘယ် ဖြတ်ပိုင်းမှာမှ အပ်ပေါက်ရာမပါပဲကိုး
ရထားပေါ်တက်တော့ အပြင်မှာ လူပြတ်နေပြီ။


ဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့လို့
သံလမ်းမကြီးက အချက်ပြတယ်
(ဖြစ်ချင်တော့)
ခရီးသေးသေးလေးပေါ်က ရထားသေးသေးလေးပေါ်မှာ
ကျွန်တော်ဆင်းရမယ့်မြို့ရော ကျွန်တော်ရော
နှစ်ဦးစလုံး ပါလာကြတယ်။

လက်ဝဲ

Tuesday, February 21, 2012

ဘဝ က...

မျှော်လင့်ချက်တွေ များတယ်
သတ်ပုံတွေမှားတယ်
သေချာတာတော့ အားလုံးက တဖက်သတ်ကြီးပဲ
အဟတ်...
“တောင်းပန်ပါတယ်”
ဒီစကားတခွန်းအောက်မှာ အရာအားလုံးပျက်သုန်း
ဘ၀ပါ နိဂုံးချုပ်ခဲ့တယ်...
ဂေါ့သစ်(gothic)

Sunday, February 19, 2012

ကိုယ့်ဘဝထဲက ကိုယ်

ငါတို့ကျောင်းက ခေါင်းလောင်းသံကို
ကြားလိုက်ရပြန်ပြီ။

နှစ်ချို့နေတဲ့ ပါးစပ်ရာဇဝင်လေးတစ်ပုဒ်ကို
အဖြူအစိမ်းဝတ်ပြီး လွမ်းနေရတုန်း
ပုံနှိပ်စာအုပ်မေ့ခဲ့တဲ့ လွယ်အိတ်တစ်လုံးလို
အသုံးမကျစွာ ပြုံးပြခဲ့...
အို.... မိုးရေစက်တို့ နှင်းစက်တို့
ငါတို့ရဲ့ ကျောင်းတက်ချိန်လေးကို
ပြန်လာခေါ်ပါ။

မင်းနဲ့ တစ်ခုံတည်း ထိုင်ဖူးတာလေ သူငယ်ချင်း
အတန်းထဲမှာ ငါ စာမတော်ဘူး
ကျွန်တော့်ကို ရိုက်ဖူးတယ်လေ ဆရာမ
ကျွန်တော် ကျောင်းမှန်မှန်မတက်ဘူး
သစ်ရွက်တွေကလဲ နှစ်တိုင်းကြွေတော့
ဘယ်သူမှ မသိကြတော့ဘူး။

ငါတို့ကျောင်းက ခေါင်းလောင်းသံကို
ကြားလိုက်ရပြန်ပြီ။

လက်ဝဲ

Friday, February 17, 2012

ခံစားချက်ကုန်ခမ်းသည့်ရောဂါဖြင့် ကွယ်လွန်သည်…

ဘာဆို ဘာမှ မရှိ
မည်သည့်အရာမျှ မပိုင်ဆိုင်
အချစ်မရှိ
အမုန်းမရှိ
ရည်ရွယ်ချက်မရှိ
အနာဂတ်မရှိ
ဘ၀မရှိ
ခံစားချက်ကုန်ခမ်းသည့်ရောဂါဖြင့် ကွယ်လွန်သည်…..
ဂေါ့သစ်(gothic)

Wednesday, February 15, 2012

တိမ်ကို ကျူးရင့်နေတဲ့ ရှုခင်း

သတိရမှုက ထုံးစံအတိုင်း
နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စူးနေတဲ့ ဆူးကိုပဲ နင်းတက်သွားရတယ်
ငါဟာ တစ်ရှူးတစ်စ ပါ ဆိုတာ
ငါ့ကိုယ်ငါ ယုံအောင် ဖျောင်းဖျလိုက်ပါ့မယ်
နင် လုံးချေပြီး လွှင့် သာ ပစ်လိုက်။

ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
သစ်ရွက်လှုပ်တာလဲ အလွမ်းသံ ထွက်နေတာပဲ
ဆို့နေတာတွေကို ကဗျာလုပ်ရေးရတော့
ဓါးတစ်လက်လား မျက်ဖြေလင်္ကာလား
မှန်းရ ခက်တယ်။

ထုံးစံအတိုင်း
နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စက်ဘီးလေးနဲ့ ကျောင်းတက်တုန်းက
ဘဲလ်တီးသံလေးကိုပဲ ပြန်ဆက်ကြည့်နေရတယ်
အခန်းထဲမှာ အိပ်ဆောင်နာရီကလေး
အမှတ်တရပစ္စည်းဆိုတာ
သာမန်ကာ လျှံကာ ကြည့်လဲ ရင်ခံတာပဲ။

ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
ဘာတေးမှ မဆိုတဲ့ ငှက်ကို
ကောင်းကင်က ကူပျံပေးနေရတယ်
အိပ်မက်ကို ပ, ထုတ်လိုက်ရင်လဲ
ပုံနှိပ်စာအုပ်ထဲက လို စိတ်ကူးယဉ်နေရပြန်ဦးမယ်။

ကြာတော့လဲ
အလေ့ကျ သစ်ပင်တွေပဲလေ
ငါ့ရှေ့မှာ အဖြူအမည်း ပတ်စပို့ဓါတ်ပုံတစ်ပုံ၊
ကြမ်းပေါ်မှာ ဆေးလိပ်နဲ့ ရင်ထဲမှာ ဂစ်တာ
တော်ပါပြီ။    ။

လက်ဝဲ

Monday, February 13, 2012

ရူးသွပ်ရုံ သက်သက်

သူ..
အိပ်မက်တွေ အများကြီး မက်ခဲ့တယ်
တစ်ခါတစ်လေများဆို
လန့်နိုးရမှာတောင် ရှက်လို့တဲ့
သူ့ည ရဲ့ မျက်နှာကျက်မှာ
သူ့ဟာသူ ကြယ်တက်လုပ်တယ်။

သူ့ရုပ် သူ့နာမ်နဲ့ သူ့တဒင်္ဂလေးတွေနဲ့
တွယ်ကပ်လိုက် လွင့်မျောလိုက်
သူ့ အခိုက်အတန့်လေးနဲ့သူ ပြောပြောဆိုဆို
သူ့ ရင်ဘတ်ဖနောင့်ပြတ်လေးကို သဲကြိုးလဲပြီး
မိုးထဲလေထဲမှာမှ ချစီးသွားတာ။

ခရီးတစ်လျှောက်လုံး ခေါက်ရိုးကျိုးခဲ့တာတောင်
ဖန်တီးမှု သက်သက်ကို မြတ်နိုးသတဲ့
ဝင်သက်မှာ တစ်ဖြတ်၊ ထွက်သက် မှာ တစ်ဖြတ်
နားနားကပ်ပြီး ပြောသွားတာ...
ဒါတောင်...။ ။

လက်ဝဲ

Sunday, February 12, 2012

ခုထိ အဲဒီည

နှုတ်ပိတ် တိတ်ဆိတ်
တိမ်တိုက်တစ်ချို့ ခိုးခိုးပြီးအိပ်နေ...။

ငါ့မှာ ပြောမထွက်တဲ့
စကားတွေရှိတယ်
သူ့မှာ ပြောစရာမရှိတဲ့
စကားတွေရှိတယ်။

တကယ်...
ကြယ်ကြွေတာလဲ မော့ကြည့်လို့
မမြင်ရ...
တိမ်တွေအောက်မှာပဲ လောလောဆယ်
ပျော်နေတဲ့ လ
ညကြီး ကိုယ်တိုင်က လက်ဖျားတွေ အေးနေရတယ်..။

နောက်ထပ်
နှုတ်ပိတ် တိတ်ဆိတ်
တအိအိနဲ့ ခုထိ
တစ်ခုခုဖြစ်မလာသေးတဲ့....... ည။

လက်ဝဲ

Friday, February 10, 2012

သက်ပြင်းတွေ လာချထားတဲ့ မြို့

ရိုးရာမပျက် ဆေးစက်တွေလဲ
စွန်းလျက် ထင်းလျက် ရှိရဲ့
ငါတို့တွေနဲ့ ငါတို့ရဲ့ လေလွင့်လမ်းမတွေလဲ
မပျောက်မပျက် ရှိရဲ့။

ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ပြည့်တန်ဆာနဲ့ အရူးလဲ ရှိပါရဲ့။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို
ဖောဖောသီသီ ကျင့်သုံးကြ
ဂျစ်ပစီဝါဒကြီး တစ်ပြပြနဲ့
ဒေါင်ဒေါင် ဒင်ဒင် အော်ဟစ်ကြ
မြေဇာပင်တစ်ချို့ စာသင်ခန်းနဲ့ဝေးရာမှာ
ဆေးလိပ်ထွက်သောက်ကြ။

ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
တန်ခိုးကြီး ဘုရားနဲ့ တံတားတစ်စင်းလဲ ရှိတော့ရှိပါရဲ့။

အဖိုးနည်း အမြတ်ကျန်
တစ်နပ်စားဥာဏ်ကို ဆီဆမ်းစားကြ
ဗြဟ္မစိုရ်တရားနဲ့ လွတ်ရာ ကျွတ်ရာ
ရွှေ့ပြောင်း ပျော်မြူးကြ
အသက်ငင်နေတဲ့ မြို့ဘေးကမြစ်လေးခမျာ
တံတားအောက်မှာ မြက်တွေလဲ ပေါက်လို့။

ဒါငါ့မြို့ ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ဈေးအိုကြီးနဲ့ ဆေးရုံလေးလဲ ရှိပါရဲ့။

ကြည့်ပါဦး
ခြပဲ တက်နေသလို
မှိုပဲ စွဲနေသလို
နာရီစင်ကြီးကလဲ ငိုချလိုက်တော့မလို
နှာခေါင်းသွေး ယိုဖူးထားတဲ့ မြို့ပါလို့
ဆိုသူတွေက ဆို။

ထို ဝိသေသ များစွာနဲ့ မြို့ကလေးက စက်စက်ယို
နီယွန်မီးတွေ မလင်းနိုင်တော့တဲ့ နှစ်လမ်းသွား လမ်းမကြီးလဲ
အိုပါပြီ။

လက်ဝဲ

Thursday, February 9, 2012

ဟိုးတုန်းက ဆိုတာကို ကောက်မကိုင်နဲ့

လွှတ်ချလိုက်.. ပြန်ယူလိုက်
မင်းဘဝနဲ့ မင်း ကျေနပ်နေလိုက်..
ပြုံးမှ ရယ်မှ .. ဘဝမှာနေပျော်တာလို့..
မင်းထင်ရင် ထင်သလို ဟားတိုက်နေလိုက်ပေါ့လို့..။

ငါက ငါ့ အိပ်မက်နဲ့ငါ..
ငါ့ စကားလုံးတွေနဲ့ ငါ..
ငါ့ အသစ်တွေနဲ့ ငါ..
ခုဆိုရင်လေ... အခု ဆိုတာတွေနဲ့ ပြောင်းလဲနေကြတာ..
ငါတို့က အခု လက်ရှိအနေအထားနဲ့..
ပတ်စပို့ ဓါတ်ပုံ တစ်ပုံလောက်ဖြစ်ဖြစ်..ရိုက်လိုက်..
အလုပ်တစ်ခုလောက်ဖြစ်ဖြစ် သွားလျှောက်လိုက်.
ဟိုးတုန်းက ငိုက်နေတာတွေ/ ငိုင်နေတာတွေ..
ဟိုးတုန်းက.. တွေးနေတာတွေ/ တွေနေတာတွေ..
တော်ပြီ ဟိုးတုန်းကကို ..
ငါ့ရှေ့မှာ လာမပြောနဲ့။

ဟေ့.. ဒီမှာ ငါပြောပြမယ်..
မင်းလဲ လိုက် ပြော..
အခု ဟာ
အခုဖြစ်တယ်..။

လက်ဝဲ

ရင်ဘတ်ကို ဖွက်ထားတဲ့ တိမ်

ခဏခဏ လွတ်ကျဖူးတဲ့
ဂျွတ်ဆတ်ဆတ် မာနကို
မက်မက်မောမော သိမ်းထားတာ..။ 

စာအုပ်ကြားထဲမှာ... လွယ်အိတ်လေးထဲမှာ..
ရယ်စရာ ချွတ်ချော်မှုတွေက ပိလို့.. ပြားလို့..
သစ္စာတရားတွေ ခုံတန်းလေးနောက်မှာ...
ဝေလို့ .. ကြွေလို့...။

ငါနဲ့ ပူပူနွေးနွေး မက်ထားတဲ့ အိပ်မက် ကွဲရှရှကြီးကို..
မုတ်သုန်မိခါနီး တိမ်လေးတွေခမျာ.
တပွေ့တပိုက်ကြီး လက်ခံထားရတာ..။

သြော်... ရင်ဘတ်ကြီးတောင် ညိုလို့.. မည်းလို့ ..
သူ မာန်တင်းလိုက်တာနဲ့ တပြိုင်နက်..
ရွာချမိတော့မယ်နဲ့ တူရဲ့..။ ။

လက်ဝဲ

Wednesday, February 1, 2012

မတူကွဲပြားခြင်း၊ ဘာသာစကား နှင့် အနုပညာပုံကြမ်း

“မတူကွဲပြားစွာ ခံစားကြည့်ရအောင်” လို့ ဆိုလာရင် ကျွန်တော်တို့ ဘယ်လို ခံစားချက်မျိုးကို ဘယ်လို ပုံစံပြောင်း ခံစားကြမလဲ စဉ်းစားစရာပါ။ လူအမျိုးမျိုး စိတ်အထွေထွေကြောင့် ကျွန်တော်တို့ ခံစားချက်တွေ ပွစာတက်ကုန်ကြတယ်။ အမြင်မတူမှု၊ မတူကွဲပြားမှု ဆိုတာ အမှန်တော့ ဒါတွေကို ခေါ်တာပါပဲ။ ခံစားပုံချင်းမတူရာက စတယ်လို့ ပြောလို့ ရပါတယ်။ ဥပမာ ဆိုကြပါစို့။ အမြင်လွယ်ဆုံး ကနေ စပြောကြည့်ရအောင်။
တဂျုန်းဂျုန်း ခုတ်မောင်နေတဲ့ ရထားကြီး ဆိုက်ကာနီး ဥသြ ဆွဲလိုက်တဲ့ အသံကို ဆူညံသံလို့ သတ်မှတ်မလား သာယာသံလို့ သတ်မှတ်မလား။ မြို့ပတ်ရထား ကြီး စက်မှုဇုန်ဘူတာမှာ လာဆိုက်ရင်တော့ ကိုယ့်အလုပ်နဲ့ကိုယ်မှ ရှုပ်နေကြတဲ့သူတွေက ဆူညံသံလို့ ပြောကြမှာပေါ့။ ဒါပေမယ့် နေရောင်ကလဲ ပျောက်ကာနီး မပြန်တာကြာတဲ့ မွေးရပ်မြေ ဘူတာကိုလဲ ဆိုက်ကာနီး ကိုယ့်စိတ်ကလဲ ရောက်ချင်စိတ်တွေဆောင်နေတဲ့ အချိန် ဆွဲလိုက်တဲ့ ဥသြသံ ကတော့ အင်မတန်မှ သာယာတာတဲ့ဗျနော်။ ဒါ မတူညီတဲ့ ခံစားမှုမျိုးပေါ့။ 
ရာမာယနဇာတ်ထဲမှာ တစ်လျှောက်လုံး ဗီလိန်လုပ်လာတဲ့ ဒဿဂီရိက ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ ထဲမှာ သိပ်ကို ဇာတ်နာနေရှာတဲ့ သနားစရာ ဇာတ်လိုက်ကြီး ဖြစ်နေတာကို အံ့သြဘနန်း ခံစားလိုက်ရတယ် မဟုတ်လား။ ဒါပါပဲ။
Informal Thinking နဲ့ တွေးပြီး ပုံမှန်မဟုတ်တဲ့ ဖန်တီးမှုတွေကို ကဗျာဆရာတွေ က တင်ပြလာကြတယ်။ ကျွန်တော် ပြောလိုရင်းကို ရောက်ပါပြီ။ ကဗျာဆရာ ဟာ အများလက်ခံထားတဲ့ ဆူညံသံကို သာယာသံပါလို့ တင်ပြမယ်။ ကာရန်အဖွဲ့အနွဲ့ မပါတဲ့ ခပ်ရိုးရိုးစာကြောင်းတွေကို စီပြီးတော့ “ဒါ ကဗျာပါ” လို့ ချပြမယ်။ 
ဖွံ့ဖြိုးတိုးတက်မှုရှိပြီးသာ ဘာသာစကားတွေရဲ့ အတွင်းသားထဲမှာ ကြွယ်ဝတဲ့ အဓိပ္ပါယ်တွေ ရှိနေပြီးသားပါ။ ဒါကို မြင်အောင် ကဗျာဆရာက ပြချင်တယ်။ ဒါဟာ အနုပညာ ဟုတ်ပါတယ်၊ မဟုတ်ပါဘူး ဆိုတာက စောစောက ပြောတဲ့ ဆူညံသံနဲ့ သာယာသံကို ခွဲခြားပြသလိုမျိုး စာဖတ်သူရဲ့ ခံစားနားလည်မှုပေါ်မှာပဲ မူတည် သွားတော့တယ်။ (ဒါ့ကြောင့်ပဲ ယနေ့ ကဗျာဆရာတွေမှာ စာဖတ်သူကို ငဲ့ရတဲ့ တာဝန်တစ်ခု ပေါ့သွားတယ် လို့ ထင်တယ်။) “ဘာသာစကားကို ကစားတယ်” တဲ့ဗျ။ အဲလို သုံးနှုန်းကြတယ်။ ဘာသာစကားရဲ့ အဆီအနှစ်တွေကို တူးဖော်ကြတာ။ ဖျက်လို ဖျက်ဆီး လုပ်တာမဟုတ်ဘူး။ ဘာသာစကား ကဗျာတွေကြောင့် ဘာသာစကားတစ်ခု ပျက်စီးမသွားနိုင်ပါဘူး။ တစ်ခုပဲ ရှိတယ်။ တူးဖော်တယ်ဆိုတဲ့ နေရာမှာ နယ်တစ်ခု အတွင်းကနေ အခြားနယ်တစ်ခုကို မသိမသာ ရောက်သွားအောင်ထိ တူးဖော်လို့ ရနိုင်တယ်။ လူမြင်ကွင်းကနေ မဟုတ်ပဲ တိတ်တဆိတ် ဆိုသလို ဘာသာစကားဟာ နယ် တစ်ခုဆီကို တစ်ချိန်ချိန်မှာ ရွေ့သွားနိုင်တယ်။
 ပုံကြမ်းကို အချောသတ်ပုံစံ မြင်အောင်ကြည့်ပါ။ လျာထားပုံစံ ထုထားတဲ့ ပန်းပု ကို ရုပ်လုံးမြင်အောင် ကြည့်ပါ။ ပန္နက်ရိုက်ထားတဲ့မြေပြင်ကို အဆောက်အဦး အဖြစ် မြင်ကြည့်ကြစို့။ ကျွန်တော်တို့ ဘာသာစကားဟာ အနုပညာအားလုံးရဲ့ ပုံကြမ်းတစ်ခု ဖြစ်နေတာကို တွေ့ကြရမှာပါ။
တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကို သံယာမှုလို့၊ နောက်ပြီး ဒီတိုင်းချရေးထားတဲ့ စာကြောင်းတွေထဲက အဆီအနှစ်တွေကို ကာရန် (အနုပညာ) လို့ မြင်လာပြီ ဆိုတာနဲ့ ဘာသာစကား ကဗျာတွေရဲ့ နောက်ကို လိုက်လာခဲ့ပါ။ ဘာသာစကားနယ်ချဲ့ နေတဲ့ တူးဖော်ရေးသမား ကဗျာဆရာတွေနဲ့ တစ်နေရာရာမှာ တွေ့ရအောင်လို့ပေါ့။

လက်ဝဲ

Tuesday, January 31, 2012

ခေတ်ပြိုင်ကဗျာ နှင့် ကျွန်တော့် အတ္တနောမတိ

“သိုးကလေ၊ ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည့်
ရွှေနှင့်ယိုးမှား၊ ပန်းစကား” အစချီ မင်းမဟာဂီရိ နတ်မင်းကို တိုင်တည်ခဲ့သော ပုပ္ပါးတောင်အလှဖွဲ့ ပုဂံကဗျာက စတင်၍ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လေးချိုး၊ ဒွေးချိုး၊... စသဖြင့် စသဖြင့်သော ကဗျာ အမျိုးအစား များစွာကို ကျွန်တော်တို့ ရင်းနှီးခဲ့ကြသည်။ မြန်မာကဗျာသည် ခေတ်အဆက်ဆက်တွင် လု့အဖွဲ့အစည်း၊ လူတန်းစားအလွှာပေါ်တွင် မူတည်၍ အဖွဲ့အနွဲ့ အမျိုးအစားများစွာ ပေါ်ထွက်လာခဲ့သည်။ ကဗျာသည် ခေတ်ကို ထင်ဟပ် စေသည်။ ကဗျာများသည် ခေတ်အကြောင်းကို ပြောနေကြသည်။ ပုဂံခေတ် အနန္တသူရိယ အမတ်၏ “သူတည်းတစ်ယောက်” လင်္ကာ၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်၏ “ရွှေဖဝါးတော်အောက် ကျွန်၏လျှောက်ဖြင့်” အစချီ ရတု၊ အင်းဝခေတ်က ကိုးခန်းပျို့၊ တောင်ငူခေတ် က နတ်ရှင်နောင် ရတုများ စသည့် ကဗျာများသည် ခေတ်ကို မီးမောင်းထိုးပြနိုင်ခဲ့သော ကဗျာများဖြစ်သည်။ ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ တျာချင်းများ၊ ရှင်ငြိမ်းမယ် အိုင်ချင်းများလည်း အလားတူပင် ဖြစ်သည်။ ပြောလိုသည်မှာ ခေတ်၏ ပြောင်းလဲ မှုနှင့် အတူ ကဗျာ အရေးအဖွဲ့လည်း ပြောင်းလိုက်လာသည်။ 
ယနေ့ကဗျာများတွင်.......
တစ်ပါဒ လျှင် စကားလုံး (၄)လုံး၊ အဖျားချ (၇)လုံး ရှိလျှင် လင်္ကာ၊ ၂ပိုဒ် နှင့် ၂ ချိုးပါပြီး အဖျားချ ကာရံတစ်စုံ ညီလျှင် ဒွေးချိုး၊ ၄ပိုဒ် ၄ချိုး ပါပြီး အဖျားချ ကာရန် ၂ စုံညီလျှင် လေးချိုး စသည့် ကဗျာ အရေးအဖွဲ့ စည်းမျဉ်းစည်းကမ်း တို့၏ အပြင်ဖက်သို့ ဖောက်ထွက်လာမှု၊ ကဗျာဆရာတို့၏ လွပ်လပ်စွာ ဖန်တီးခြင်းကို နှစ်သက်မှု တို့မှ စတင်ပြီး ယနေ့ ခေတ်ပြိုင်ကဗျာများ ဖြစ်လာသည်။
ရှေးရိုးကဗျာများတွင် ကဗျာဆရာသည် မိမိတွေ့မြင်ရသည်တို့၏ ဂုဏ်ပုဒ်များကို ချီးကျူးဖွဲ့ဆိုကြသည်။ စကားလှ စကားဆန်းများထည့်သွင်းတတ်သည်။ ကိုလိုနီခေတ်နောက်ပိုင်း ခေတ်စမ်းကဗျာ ပေါ်ထွက်လာသောအခါ လမ်းဟောင်းကို စွန့်လွှတ်၍ စိတ်ခံစားမှု အသားပေးသည့် လူ့သဘော လူ့သဘာဝ ကိုဖွဲ့ဆိုသည့် ပုံစံသစ်ကို ဖောက်ထွက်လာခဲ့သည်။ ကဗျာဆရာတို့သည် ပြည်တွင်းအပြင် ပြည်ပ ကဗျာများကိုပါ ဖတ်ရှု လာရာမှ ယနေ့ မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်များဆီ ကူးပြောင်းလာခဲ့သည်။
ခေတ်ပြိုင်ကဗျာတို့၏ ကာရန်လွတ်လပ်မှု(Free Verse) အပေါ် အငြင်းပွားမှုများ ရှိသော်လည်း ကဗျာဆရာတို့သည် မိမိတို့၏ အရေးအဖွဲ့ အပေါ် သံသယ ကင်းမဲ့စွာ ရေးဖွဲ့လာကြသည်။ အမှန်တကယ်တွင် ကာရန်မဲ့သည်ဟု ထင်ရသော ခေတ်ပြိုင်ကဗျာတို့တွင် မမြင်နိုင်သော ကာရန်များ ရှိနေသည်။ တခါတရံ ကဗျာများက စိတ်နယ် ၏ အပြင်ဖက်ထိ ဆွဲခေါ်သွားတတ်ကြသည်။ ကဗျာဆရာ၏ ကိုယ်ပိုင်အတ္တများ၊ တက်ကြွမှု၊ စိတ်သိမ်ငယ်မှု၊ ခြောက်ခြားမှု၊ အထီးကျန်ဆန်မှု တို့ ကဲ့သို့သော ခံစားချက် များကို ကဗျာများတွင် မြှုပ်နှံထားကြသည်။ တင်ပြပုံ အသစ်များကို ဖန်တီးရာတွင် နိုင်ငံခြား ကဗျာများကို ပါ ဆင့်ပွားလေ့လာရာမှ မော်ဒန်လောကတွင်ပင် ကဗျာအယူအဆ များစွာ ကွဲပြားလာသည်။ ဒဿန ဆန်သော အဖွဲများ၊ လွပ်လပ်သောကာရန်ဖြင့် လွပ်လပ်သော စကားလုံးများသည် မြန်မာစာဖတ်ပရိတ်သတ်ဆီသို့ သူစိမ်းဆန်စွာ ဝင်ရောက်လာသည်။စာဖတ်သူ အများစု သည် ခေတ်ပြိုင် မော်ဒန်ကဗျာများကို ပစ်ပယ်ခြင်းလဲ မပြု၊ ဖက်တွယ်ခြင်းလဲ မပြုပဲ ဘာသိဘာသာ လက်ခံထားကြသည်။ စာဖတ်သူထံမှ ကဗျာဆရာတို့သည် ကောက်ချက်တစ်စုံတစ်ရာ မရရှိခဲ့ကြ။ စာဖတ်သူ အနည်းစုကတော့ ကဗျာကို ကဗျာလို အလိုက်သင့် ခံစားကြသည်။ အချို့ က အမြင် အမျိုးမျိုးဖြင့် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုမှုများသည် သဘောထားကွဲလွဲမှုဖြင့် စပြီး သဘောထားကွဲလွဲမှု ဖြင့်သာ အဆုံးသတ်သွားတတ်သည်။ မော်ဒန်ကဗျာသည် မြန်မာစာဖတ်သူများကြားတွင် ဗီလိန်တစ်ယောက်ဖြစ်လာသည်။ အချို့ က ခေတ်ပြိုင်ကဗျာတို့ကို လက်မြောက်ကြသည်။ ကန့်ကွက် ရှုတ်ချသည်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ ခေတ်ပြိုင်ကဗျာရေးနေကြသော ကဗျာဆရာများသည် ကဗျာတွေကို ရေးနေကြဆဲပဲ ဖြစ်ပါသည်။ အချို့က စာဖတ်သူကို ဥိးတည်၍ ဖြေရှင်းချက် ပေးလိုကြသည်။ အချို့က မိမိ ကဗျာ ဝိဥာဉ်လေးတစ်ခုထဲဖြင့် ကဗျာရေးနေကြသည်။ မည်သို့ ဖြစ်ပါစေ.. ယနေ့ ခေတ်ပြိုင်ကဗျာများသည်လဲ ခေတ်အဆက်ဆက် ကဗျာများကဲ့သို့ပင် မျက်မှောက်ခေတ်ကို ထင်ဟပ် နေလိမ့်ဥိးမည် ဖြစ်ပါသည်။ 
သေချာတာ တစ်ခုတော့ ရှိပါသည်။ “ကဗျာဆရာများသည် ကဗျာများကို ရေးနေကြသည်။”

  • ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင် ထင်မြင်ချက် သာလျှင်ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိပါသည်။
လက်ဝဲ