Pages

Subscribe:

Ads 468x60px

Saturday, February 25, 2012

နင်ဟာ ငါ့ချစ်သူဖြစ်တယ်

ပြုံးတိုင်း ရယ်တိုင်းမှာ ငါ့အတွက် ကဗျာတစ်ပုဒ်စီ ချန်ရစ်ခဲ့
နင် ဟာငါ့ချစ်သူ ဖြစ်တယ် ဇင်။
သိလားဇင်.. အချစ်က နင်၊ အချစ်က နင် ငယ်ငယ်က စီးခဲ့တဲ့ စက်ဘီးလေး၊
အချစ်က အိတ်ဆောင်နာရီလေးတစ်လုံး၊ ငါမရခဲ့ဖူးတဲ့ ဆင်တူအင်္ကျီလေးတစ်ထည်၊
နင့်ကို စာလိုက်ပေးဖူးတဲ့ လမ်းလေး၊ အချစ်က နင်အိမ်မှာ ရှိတဲ့
အမွှေးပွ ခွေးလေးပဲ.. ဇင်..  နင်နဲ့ ပက်သက်သမျှဟာ တကယ်တော့ အချစ်ပဲ။
ချိုမြိန်သာယာမှုတွေကို အရမ်းကာရော ငါ ပေးချင်တာပေါ့ ဇင်.. ဘဝကို
ဘယ် သံလိုက်အိမ်မြှောင်နဲ့ ကြည့်ကြည့် နင်ရှိတဲ့နေရာနဲ့ 
လမ်းမသင့်ဘူးတဲ့လား... နင်ပဲ ဓူဝံကြယ် ဖြစ်လိုက်စမ်းပါတော့ ဇင်ရယ်။
ကျူရှင်လှေကားထက်က ဇင်၊ ကျောင်းပေါက်ဝ က ဇင်၊ လျှာထိုးဦးထုပ် အနီရောင်လေးနဲ့ ဇင်၊
ကျောင်းစိမ်းအင်္ကျီကို ငါ ဂျီးစော်နံအောင် ဆော့တတ်တဲ့ ခေတ် ကတည်းက
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ် ဇင်။
ငါဟာ စာသင်ခန်းဝမှာ နင်ပေးခဲ့တဲ့ စာအုပ်ပြာလေး ဖြစ်တယ် ဇင် ..
ခဲတံနဲ့ ရေးထားတဲ့ “လွမ်းတယ်” ဆိုတဲ့ စကားလုံးလေးထဲမှာ ငါနေထိုင်တာပေါ့။
ခုကော လွမ်းမနေဘူးလား ဇင်.. နင့်ကို ငါချစ်တယ်။
လူတကာ လျှာပေါ်က မြက်တွေကို ငါ ထွန်ယက်စိုက်ပျိုးခဲ့တာ မဟုတ်ရိုး အမှန်ပါ။
သံသယတွေ စိမ့်ဝင်ကြပေါ့... ငါ့အိပ်မက်ကလေး တစ်ရေးနိုးရပေါ့။
ပန်းနုရောင်စာအိတ်လေးထဲ ငါ အလည်ရောက်ခဲ့သေးတယ် ဇင်ဇင်..
စာအိတ်ဖြူလေး ရောက်တဲ့နေ့ကပေါ့။ “ခွဲနေကြရအောင်”ရဲ့ နောက်မှာ ဒီကဗျာခေါင်းစဉ်ကို
သွေးရူးသွေးတန်းနဲ့ရေးခဲ့ ဖူးပါတယ်.. နင်ဟာ ငါ့ချစ်သူဖြစ်တယ် ဇင်။
နင့်လမ်းထဲကို ငါ ပြန်လျှောက်တယ် နင့်အရိပ်ကို ငါ ပြန်ရှာတယ်..
“ရင်ခွင်သစ်” သီချင်းကို ချွေးသီးချွေးပေါက်တွေနဲ့ အိပ်မက်မက်တယ် ....
ငါ့ရင်တွေ ကျိုးရပေါ့.... ငါ့ခြေလှမ်းတွေ ချိနဲ့ ရပေါ့... ဇင်..
ဘာပဲဖြစ်ဖြစ် ငါ သဝန်တိုချင်တယ်။
အရူးတစ်ယောက်လို တောင်စဉ်ရေ မရတွေလဲ ရေးခဲ့..
“မိုးရေစက်တို့ နှင်းစက်တို့ ... ငါ့ ကျောင်းတက်ချိန်လေးကို ပြန်လာခေါ်ပါ”
နင့် အငွေ့အသက်မရှိတဲ့ နှစ်တွေကို ငါ မချစ်ဘူး နင့်အနံ့မရတဲ့
ညတွေကို ငါ မုန်းလွန်းလို့ မအိပ်ချင်ဘူး ဇင်..
သက္ကရာဇ် အချို့က ငါသေပြီလို့ ကြေငြာကြလိမ့်မယ်.
ခု နင့်ရှေ့မှာ ငါလျှောက်လာနေတာ နင်မကြိုဘုးလား.. ငါလဲကျချင်နေပေမယ့်
ချစ်နေသေးလို့ စကားလုံးလေးတွေ အစိုဓါတ်ကျန်နေသေးတယ်..ဇင်...
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။
ခုတော့ ငါ  ကြယ်အသေတွေ သင်္ဂြိုလ် နေတယ်။ သက္ကရာဇ်ဖြိုချင်နေတယ်
သံစဉ်သစ်တွေ မရှိတဲ့ သီချင်းဟောင်းကို ပဲ ဂစ်တာ အသစ်နဲ့ ပြန်တီးမယ်...
အရင်လိုပြန်ချစ်ရအောင် ဇင်။
င့ါကိုယ်ပွားလေးတွေ နင့်ဘေးနားက ဘယ်တုန်းကမှ နင်နဲ့ ဝေးရာကို ထွက်မသွားဖူးဘူး မဟုတ်လားဇင်..
ပြုံးပါ ဇင်.. နင်ရယ်ပါ... ငါ ကဗျာတွေ ရေးနေမယ်..
နင်ကြိုက်တတ်တဲ့ သီချင်းတွေပဲ ရွေးနားထောင်မယ်... နင့်ညတွေကိုပဲ..
ရွေးပြီး အိပ်မက်မက်မယ်.. နင့်နှလုံးသားကို ငါ မက်မက်မောမော မွေးစားမယ်
ပန်းရိပ်ကို ခိုမိမှတော့ မိုးပြိုမယ် ဆိုလဲ ပြိုစေတော့ ဇင်....
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။    ။


လက်ဝဲ

3 comments:

ပန်းချီ said...

ခံစားရတာ တနင့်တပိုးကြီး...

နှင်းနုလွင် said...

အချစ်အကြောင်းက ကဗျာထဲမှာဆိုရင်တော့
လွှတ်ပြီးတော့ကို ကောင်းတာ..
ဒါပေမယ့် ခံစားဖူးတဲ့သူတွေကတော့
နာကျင်စရာလို့ ထင်ကြမှာပဲ။
အခု ဒီကဗျာထဲကလည်း ခံစားချက်တွေ စုံလင်အောင်အောင်
ပေးနိုင်တယ်။

ညိမ်းနိုင် said...

အော်....လက်ဝဲဆိုလို့ ဘယ်သူများပါလိမ့် အောက့်မေ့နေတာ...လက်စသတ်တော့ နင်ကိုး...။
ကဲဟုတ်ဘီ....လင့်ယူသွားဘီ...၊ဒီတစ်ခါတော့ အပြောင်းအလဲတွေသိပ်မလုပ်ပါနဲ့တော့ဟာ...။
နို့မို့ လိုက်ရတဲ့သူတွေမူးသဟ.....:D

Post a Comment