Pages

Subscribe:

Ads 468x60px

Wednesday, February 29, 2012

အရင်လိုပဲ.. သား ပြင်တုန်း ဆင်တုန်းပါ... အမေ

မနက်ဖြန်က စိတ်ပျက်လက်ပျက် ဘတ်စကားမှတ်တိုင်မှာ ရပ်နေတုန်း
မနေ့က ကျပ်ကျပ်ညပ်ညပ် လှောင်ပိတ်နေတဲ့ ဘတ်စကားအဟောင်းကြီးထဲ ပါသွားရဲ့...
ထီးလဲမပါဘူးအမေ.. သား ထမင်းချိုင့်လဲ ယူမသွားဘူး
ဘာကို အာခေါင်ခြစ်ပြီး ကျုံးဝါးနေရတာလဲ.. ဘာကို လက်သီးလက်မောင်းတန်းပြီး အားမွေးရမှာလဲ...
သားမှာ.. အနာဂါတ်ရှိလား အမေ...
မျှော်လင့်ချက်ကြီး သက်သက်နဲ့ အသိုင်းအဝိုင်းတစ်ခုထဲမှာ မတ်တပ် ရပ်နေရတာ..
အလံဖြူစော် နံလွန်းလို့ပါ...
ကိုယ်ခံအားတွေ လေတိုးခံထားရလို့... အအေးပတ်နေတယ်.... မနေ့က မနက်က
အနွေးထည်မဝတ်ပဲ အလုပ်သွားမိတယ်.. အမေ..။
စိတ်ထဲမှာလဲ နိမ့်လိုက်မြင့်လိုက်နဲ့ မရင့်ကျက်မှုတွေလို့ ထင်တာပဲ အမေ..
သူတို့တွေ သားဘဝကို ကန်ကျောက်ပြီး ကစားနေကြတယ်..
လေတွေ တိုက်တိုင်း စစ်ကိုင်းတံတားကြီးပေါ် ရောက်ရောက်သွားတယ် ...
တစ်လောကလုံး ကို အဲဒီမြစ်ပေါ်မှာ ကြောက်လွန်းလို့ ငိုဖူးတယ်.. အဲဒီနေ့က လေ ကလဲ ကြမ်းပါတယ်..
သိမ်ငယ်လို့ ဇွဲမရှိတာလား.. ဇွဲမရှိလို့ သိမ်ငယ်တာလား... ကြောက်တယ်..
ဘာလို့ ကြောက်ရမှာလဲ သားရယ်.. ဟင့်အင်း မဖြေရဲဘူး ကြောက်တယ်..
အဲလို.. ကြောက်ခဲ့ဖူးတာ အမေသိတယ်မဟုတ်လား အမေ.. အနီရောင်ကို ငယ်ငယ် ကကြောက်တယ်.။
ကျားကြီးတွေ ကိုကြောက်တယ်.. သရဲကြီးတွေကို ကြောက်တယ်.
ကပ္ပိယကြီး ဦးသိုက်ထင် ကို ကြောက်တယ်..။
ခုတော့ သိပ်ညစ်ပတ်တဲ့ ခွေးဝဲစားလေး တစ်ကောင် ပုံစံနဲ့... လေလွင့်လို့...
တစ်ခါတစ်ခါ လက်ဖက်ရည်ဆိုင်ထဲ ရောက်သွားလိုက် လမ်းပေါ်ရောက်သွားလိုက်..
မာနဆိုတာတွေက ကျောင်းသားတစ်ယောက်က စာတစ်ပုဒ်ကို
နှစ်ရက်လောက် ကျက်လို့မှ မရနိုင်သေးတဲ့ ဝေဒနာမျိုးနဲ့ ရေလိုက်ငါးလိုက်...
လမ်းပေါ်လိုက်သွားတယ်.. လက်ဖက်ရည်ဆိုင်လိုက်ထိုင်တယ်..
 ညည အိပ်မပျော်တာ စိတ်ကျရောဂါ လက္ခဏာလား..
အချိန်ပြည့် ထိုင်းမှိုင်းနေတာကရော.... တက်ကြွမှုတွေ ပျောက်ဆုံးနေတာကရော..
လမ်းပေါ်မှာ ခေါင်းငိုက်စိုက် လျှောက်နေရတာကရော..
သား စိတ်ကျရောဂါ ဝေဒနာ ခံစားနေရလားအမေ..
သား ကမ်းပါးယံမှာ.. ငေးနေရင် စိတ်ကူးတွေက မြစ်ထဲကို ခုန်ချနေတယ်..
လက်ဖက်ရည်ဆိုင်ပဲထိုင်မိပြန်ပြီ.. ဆေးလိပ်တွေပဲ သောက်မိပြန်ပြီ အမေ..
သားကိုကြည့်ပါဦးအမေ.. အရင်လို ပိန်တုန်းပဲလား.. မျက်တွင်းတွေ ခွက်နေတုန်းပဲလား..
ညည အိပ်လို့ မရလို့ပါအမေ... သားအိပ်ယာထဲမှာ... အိပ်မက်ဆိုးကြီး အိပ်နေတယ်.
အမေ... သူနဲ့ တူတူ သားမအိပ်ရဲလို့.. မနက်ခင်းကို အနားယူမှု မရှိပဲ မျက်နှာသစ်သစ် ပေးနေရတယ်..
အထိတ်တလန့်... သတိပေးခံရ.. သားဟာ ကြောက်နေရတုန်းပဲတဲ့.. အမေ...
သား အံ့သြတယ်... အမေ အားလုံးကို သိနေတာပဲ.. အမေက သားရဲ့ အကြားအမြင်ဆရာမကြိးပေါ့..
ညည စောစောပြန်အိပ်ပါ.. ပိုက်ဆံတွေ ခြွေတာသုံးပါ.. မျက်တွင်းတွေခွက်တယ်.. သားအရမ်းပိန်တယ်...
အိပ်ရေးဝဝ အိပ်ပါ.. သားရယ်.... ဆေးလိပ်တွေမသောက်ပါနဲ့..
 သားကို အမေ့စကားတွေက လှိုက်လှိုက်ပြီးစားတယ်...
သားက အမေ့အကြည့်တွေကို အိပ်မက်မက်ပြီး ရှိုက်ကြီးတငင်ငိုတယ်....
သား ချောင်းတွေဆိုးတယ်.. ဆေးလိပ်ဖြတ်ထားတယ် အမေ....
သားရဲ့... သက်ရှိဒိုင်ယာရီတစ်အုပ်က သွေးစစ်ကြည့်ဖို့ ပြောထားတယ် အမေ...
တစ်ယောက်တည်းနေပြီး ကိုယ့်ကိုကိုယ် အဖော်လုပ်ရတယ်.. သားမှာ ရည်းစားမရှိပါဘူး.. အမေ..
အမှန်အတိုင်းပြောရရင်.. စောစောက မျှော်လင့်ချက်လိုပါပဲ.. သားကိုက... သူ့ဇာတာထဲမှာ.
လက္ခဏာ အရေးအကြောင်း တစ်ခု မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့ အမေရယ်.. . အချစ်ဆိုတာ........
ကျွန်တော်အရှည်ထားခိုင်းရတဲ့ သူ့ ဆံပင်လေးတွေ.... အမေရဲ့.. (ထားပါတော့)
နေ့ခင်းဖက် အိပ်အိပ်ကြည့်လဲ သား ဝမလာပါဘူး အမေ.. ညဖက် သား ဂရုစိုက်ပြီးအိပ်ပါ့မယ်..
လမ်းအဟောင်းကို ဖိနပ်အသစ်နဲ့ ပြန်လျှောက်ဖို့ လိုအပ်နေသေးတယ်.. အမေ..
သားခြေရာ အဟောင်းတွေ ကိုတော့ လိုက်ဖျက်နေရသေးတာပေါ့.. အလုပ်မှာ သားအဆင်ပြေပါတယ်..
အရင်လိုပဲ.. ရင်ခံနေရတာပဲ... ရင်မောနေရတာပဲ.. လှိုက်လှိုက် လှိုက်လှိုက်နဲ့.. အောင့်နေသေးတာပဲ... အမေ..
ထီးလဲ မပါသေးဘူး .. ထမင်းချိုင့်လဲ မယူချင်သေးဘူး... အရင်လိုလဲ ကြောက်နေရတုန်းပဲ...
ခု... လမ်းပေါ်မှာပဲ လက်ဖက်ရည်ဆိုင်ထဲမှာပဲ... အသုံးအဖြုန်းကြီးတုန်းပဲ...
သူ့ ဆံပင်လေးတွေက သားကို မေ့ထားတုန်းပဲ... သား အရင်လိုပဲ....
အမေ.... သား ကိုယ့် ဘဝလေးနဲ့ကိုယ်... အသားပိုတွေကို ဖဲ့ဖဲ့ချနေတယ်..
အနံ့ဆိုးတွေကို ရေချိုးနေတယ်... ညည ပျော်အောင်အိပ်နေတယ်..
ဒါပေမယ့်.. အရင်လိုပဲ.. အရင်လိုပဲ... အ... ရင်... လို... ပဲ...
သားမှာ ... အားမရှိတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်.. အမေ...
စိတ်မပူပါနဲ့ ... အမေ... သားအဆင်ပြေပါတယ်..
သား... အရင်လိုပါပဲ......................။     ။


လက်ဝဲ

6 comments:

Angelhlaing(May everybody be happy and healthy! said...

အင်း...တစ်ချို့စကားလုံးလေးတွေက တူနေတယ်...
ရင်ဖွင့်ချင်နေတာချင်း...တူနေတာ ဖြစ်မယ် ..

Anonymous said...

မောင်ဘကြိုင်လည်းအရင်လိုပါပဲ.....
ဂွကန့်လန့်တိုက်နေတုန်း
ရေးထားတာလေးကောင်းတယ်


မောင်ဘကြိုင်

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်

mstint said...

လောကအလယ်မှာ သောကအမောတွေကို လူသားတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့
ရင်ဆိုင်ဖြေရှင်းနေရတယ် လက်ဝဲရေ။ ခက်ခဲတာနဲ့ကြုံတဲ့အခါ
ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ခက်ခဲနေတဲ့သူတွေရှိတာမမေ့ပါနဲ့ကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

နှင်းနုလွင် said...

အမေ့ကို ပြောပြချင်တာတွေရှိတယ်
ဒါပေမယ့် မပြောပြချင်ဘူး
အမေမွန်းမှာ ကြောက်တယ်
အဲဒီတော့ ဒီလို စာမျက်နှာမှာပဲ ချပြလိုက်တယ်
ဒီကဗျာထဲမှာ သားတစ်ယောက်ရဲ့ အဆင်မပြေမှုတွေ၊ အမေ့ကို မပြောပြဖြစ်သေးတဲ့ အဆင်မပြေမှုတွေကို တွေ့ရတယ်။

Yin Sue said...

သားကိုက... သူ့ဇာတာထဲမှာ.
လက္ခဏာ အရေးအကြောင်း တစ်ခု မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့ အမေရယ်.. . အချစ်ဆိုတာ........
ကျွန်တော်အရှည်ထားခိုင်းရတဲ့ သူ့ ဆံပင်လေးတွေ.... အမေရဲ့.. (ထားပါတော့)
နေ့ခင်းဖက် အိပ်အိပ်ကြည့်လဲ သား ဝမလာပါဘူး အမေ.. ညဖက် သား ဂရုစိုက်ပြီးအိပ်ပါ့မယ်..
လမ်းအဟောင်းကို ဖိနပ်အသစ်နဲ့ ပြန်လျှောက်ဖို့ လိုအပ်နေသေးတယ်.. အမေ..
သားခြေရာ အဟောင်းတွေ ကိုတော့ လိုက်ဖျက်နေရသေးတာပေါ့

အဲဒီစာသားလေးတွေကြိုက်တယ်ဗျာ...တစ်ခြားကြိုက်တာတွေလည်း အများကြီးပါ.....သူများနဲ့မတူတဲ့ ပုံစံလေးတွေဖတ်ရတာမိုက်တယ်ဗျာ....နောက်လည်းလာဖတ်ပါဦးမယ်......

Post a Comment