Pages

Subscribe:

Ads 468x60px

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, September 6, 2012

လူမှုယန္တရားဟာ နာရီလည်နှုန်းအတိုင်း ခင်ဗျားဆီ

ဝင်လာကတည်းက ခြေလှမ်းအမှားကြီးက
ဖယောင်းပုဆိုး အမှားကြီးပေါ်မှာ....
လေကို လေနဲ့ မှုတ်လိုက်တယ်
အံ့သြစရာ ကောင်းလောက်အောင်
မုန်တိုင်းတစ်ခု ထွက်ကျ လာတယ်။

ကြက်သီးမွှေးညှင်းတွေ ရွက် ထားတဲ့ ကျွန်တော့်ကို
အဓိပ္ပါယ်မရှိ ဝိုင်းထမ်းကြပြန်
ကျွန်တော့်မှာတော့ ဒုက္ခသည်တစ်ယောက်လို
ဝမ်းလျားထိုး ကောင်းကင်ကြီးအောက်မှာ
ပက်လက်ကလေး လန်လို့။

လိုအပ်ခြင်းနာရီတွေ ရပ်နေတယ်
ကိုယ်စီကိုယ်စီ ပြာယာခတ်နေကြပြန်တယ်
ကျွန်တော် လှမ်းအော်မယ်လုပ်တော့
ကျွန်တော့်ပါးစပ်ထဲက မုန်တိုင်း ထွက်လာတယ်
ကျွန်တော် ထ ထိုင်မယ် လုပ်တော့
ကျွန်တော့် နာရီ ရပ်သွားတယ်။   ။


လက်ဝဲ

Wednesday, August 15, 2012

ကဗျာချစ်သူ


ကဗျာ ချစ်တယ်
ကဗျာ ဖတ်တယ်
ကဗျာ ရွတ်တယ်
ကဗျာ တွေဝေဖန်တယ်
ကဗျာ မရေးဘူး
ကမ္ဘာ ပျက်မှာထက်
ကဗျာပျက်မှာ ပိုကြောက်လို့ .....

ဂေါ့သစ်


ကြိုးနှင့် ချည်သော...

ကြိုးနှင့် ချည်သော..

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။



လက်ဝဲ

Wednesday, August 8, 2012

အချိန်တွေ ကြာလာတာနဲ့ အမျှ

အချိန်တွေ ကြာလာတာနဲ့ အမျှ
အေးစက်လာတယ်
ရောဂါဟာ... ခန္ဓာကိုယ်ပေါ်မှာ.... ရင်ဘတ်ထဲမှာ.. သွေးကြောထဲမှာ...
တစ်ကိုယ်လုံးဟာ ရောဂါ ဖြစ်လို့..... တစ်ကမ္ဘာလုံးဟာ ရောဂါဖြစ်လို့
ဟိုဖက်လမ်းနဲ့ ဒီဖက်လမ်းကလဲ ဖျားနေတယ်..
မြန်မာနဲ့ စင်ကာပူ လဲ နေမကောင်းဘူး.....
သူငယ်ချင်းလဲ ရောဂါ.. ချစ်သူလဲ ရောဂါ....
ငါလဲ ရောဂါ... ငါ့ မန်မိုရီ စတစ် လေးပါ.. အပူချိန်တွေ တက်လာ။

ဆိုတော့
ဒီဖက်ခေတ်မှာ... သူရော မင်းရော.. ငါရော...
အုတ်အရောရော ကျောက်အရောရော..
သွေဖီရာတွေကို ပြောနေကြရမယ့်အစား...
ငါတို့တွေ ပြောပြောနေကြတဲ့ ရောဂါနဲ့
သူတို့တွေ ပြောပြောနေကြတဲ့ ရောဂါ...
အေးစက်လာတယ်......................
အေးမြလာတာတော့ မဟုတ်ဘူး...
အချိန်တွေ ကြာလာတာနဲ့ အမျှ။

ဒီတစ်လလုံး...
ကျွန်တော်ဟာ...
တစ်လောကလုံးနည်းတူ..
ဖျားနေခဲ့ပါတယ် မိတ်ဆွေ။
 
 
လက်ဝဲ

Wednesday, July 25, 2012

ဆယ့်နှစ်နာရီကောင်

မင်းစေတနာတွေ အမှည့်လွန်နေတော့ရော
ဘယ်သူတွေ ဘယ်စီးကြောင်းမှာ မျောလဲ ဆိုတာ
ဘယ်သူတွေ စိတ်ဝင်တစားပြောကြလဲ
သက်သက်မဲ့ ခံစားချက်တွေ မောပါတယ်
အဲဒီ သဘောထားနှစ်ခုကို  ရောပစ်လိုက်
ငါ မပြောမိတဲ့ အမှိုက် တစ်စ ဟာ
တောသံတောင်သံတွေနဲ့ ရောက်လာ
ဒီလိုနဲ့...။

လောကဓမ္မဟာ တလောက ကိစ္စနဲ့ ပြောရရင်
သူ့ အမြင်တွေထဲမှာ လက်ဟန်ခြေဟန်တွေ ရော  လို့
သဘောထားကွဲလွဲမှုတွေ စားပွဲပေါ်မှာ မော... လို့
ဒီလိုနဲ့...။

“ည” အက္ခရာလေး တိမ်ကောရတော့ မလိုနဲ့
ငါ့ အိမ်ပြန်ချိန် စောမှာ မဟုတ်တော့ သလို
အဲဒီလိုနဲ့..။ ။


လက်ဝဲ

Sunday, July 8, 2012

ဒါ ဘယ်သူ့ အညာလဲ

တမာရွက်တို့ တငွေ့ငွေ့ကြွေ
ငါ့ ကိုပြောပါ
ဒါ ဘယ်သူ့နွေလဲ။

ရေဗူးမပါ ခြေဗလာနဲ့
ငါ့ ကို ပြောပါ
ဒါ ဘယ်သူ့ ယာ လဲ။

ယိုယွင်းနေတဲ့ အညာက
ဝတ္တရား အရ ပြုံးပြ
ငါ
လှည်းလမ်းလေးဘေးကို
သက်ပြင်းတွေ ပြေးချ လိုက်ချင်ရဲ့။

ဝေးသွားလိုက် နီးလာလိုက်
ရေခပ်ချိန်လေး မှောင်မိုက်နေလေရဲ့
လေရူး တို့ တ၀ူးဝူးတိုက်ခတ်
ရွာဦးကျောင်းကြီးလဲ တုံးခေါက်သံမဲ့နေသတဲ့။

ဒါဟာ
လွန်ခဲ့တဲ့ လဆုတ်တစ်ရက်က မက်တဲ့
အညာအိပ်မက် လက်တစ်ဆုပ်စာလေးပေါ့။  ။

လက်ဝဲ

Tuesday, June 26, 2012

ယွန်း

ပခုံးချင်းတိုက်မိနေကျ မိုးဥတုတွေထဲက
တိမ်တစ်ဆုပ်ကို သတိထားမိလိုက်သလို
သာမန် ဘိုင်အိုဂရပ်ဖီတစ်အုပ်ကို
ရိုးရိုးသားသား ဖတ်ကြည့်မိရာက စ။

အပြုံးထဲဝင်ပြီးတစ်ရေးအိပ်မိလို့
နှုတ်ခမ်းလေးနဲ့ နိုးထခွင့်ရရုံ
သူမ ရယ်သံလေးထဲမှာပဲ
ခိုလှုံချင်နေမိရာက စ။

မှတ်မိနေသမျှကိုပဲ မှတ်ထားခွင့်ရရုံ
ကြုံခဲ့သမျှကိုပဲ ပြန်တွေ့ခွင့်ရရုံ
ဖြစ်လာသလောက်ကိုပဲ မျှော်လင့်ခွင့်ရရုံ
သူမတစ်မျက်နှာထဲကပဲ ကိုယ့်အတွက် ဖူလုံနေသလိုလို။

ဟိုတစ်စ သည်တစ်စ
သိမ်းထားမိသမျှတွေထဲမှာ
မျက်လွှာအဝင့် နှုတ်ခမ်းအဖွင့်လေးက အစ
ဆံနွယ်အယိမ်း မျက်ဝန်းလေး သိမ်းသွားသည် အထိ။

လက်ဝဲ

Wednesday, June 6, 2012

လူယောင်

ဖမ်းမမိလိုက်တဲ့
လမင်းအစင်းစင်းကိုပဲ
တို့တွေ
နှမြောတသ ဖြစ်လိုက်ကြရအောင်.. တဲ့။

ကိုယ့်နေရောင်နဲ့ကိုယ်
မှောင်ရလွန်းလို့
ခလုတ်ဖွင့်မထားတဲ့ မင်း
အပျင်းကြီးတယ်။

လက်ဝဲ

Friday, May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

Friday, May 4, 2012

ကြမ်းပေါ် ပုံထားတဲ့ မာန

ချွေးနဲ့ ဆောက်ထားတဲ့ ခနော်ခနဲ့ အိမ်လေးလေ
ကနုတ်ပန်းဆွဲတွေ မရှိတော့ရော
ဘာဖြစ်သေးလဲ။

ဘ၀ ဆိုတာ ရုန်းကန်နေရမှ
သူ့ရုပ်လုံးပေါ်လာတတ်သတဲ့
ကျုပ်ဟာ
နေပူု ကျဲကျဲမှာ ဖြစ်ဖြစ် မိုးသည်းထဲမှာ ဖြစ်ဖြစ်
သူ့ကို ထုဆစ်တဲ့ ပန်းပုဆရာတစ်ယောက်
ဖြစ်ချင်ခဲ့/ ဖြစ်နေခဲ့ရပြန်တယ်။

အောက်ခြေလူတန်းစား ဆိုတာ
အပေါ်ယံလေးပဲ ကြည့်ချင်တယ် ဆိုရင်တောင်
ငုံကြည့်မှ မြင်ရမယ့် အမျိုးဆိုတော့
ကျုပ်က ဘယ်သူ့ကိုမှ
အိမ်ထဲကို ဖိနပ်ချွတ်ဝင်လာဖို့ မတိုက်တွန်းပါဘူး။

ကိုယ့်စွမ်းအင်ကိုယ် ချနင်းရလို့
သိပ်မလင်းပါဘူး မိတ်ဆွေ
ဒီလိုပဲ ကျုပ်တို့
အုတ်အရောရော ကျောက်အရောရော
နေနေကြရတာ။

ဒါလဲ အမြင်ပိုင်းဆိုင်ရာ သက်သက် ပါလေ
ရင်ထဲမှာ နှလုံးထဲမှာ...
(ပြောရရင် ကြီးကျယ်ရာတော့ ကျတယ်)
လမင်းလောက်သာ မခမ်းနားတာပါ
ကြယ်လေးလောက်တော့
တောက်ပချင်စိတ် ပြင်းပြပါတယ်။    ။

လက်ဝဲ

Friday, April 13, 2012

ကြယ်ကိုစွဲပြီး ကြွေတဲ့လူ

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲ
ဇာတ်လိုက်တွေက
ကြယ်တွေပဲ ဖြစ်သွားကြ...
သူတို့ ကြွေလွင့်မှုတွေ
လှ လို့  ပ လို့...။


မေမေရေ...
ပုံပြင်တွေကလဲ လင်းပြတယ်
သမိုင်းတွေကလဲ ကဆုန်ပေါက်ပြတယ်
သူတို့ ရာဇဝင်တွေက
သားရင်ဘတ်ကို တပ်လှန့်နေကြတယ်။

အိပ်မက်တွေ အလံတလူလူနဲ့
ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
တစ်ခေတ် တစ်ခါမှာ..
သားက...
လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

ကြေးစည်သံ ကြားတယ် မေမေ...
ရေအိုးခွဲသံ ငိုသံတွေထက်
ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
မကြားရမချင်း သားဝိဥာဉ်က
တစ်ညချင်း တစ်ညချင်း
ချနင်းသွားရမှာပဲ မေမေ..။


လက်ဝဲ

Friday, April 6, 2012

အနုပညာလက်

အနုပညာလက်

လက်ချောင်းများရဲ့ ဖြစ်တည်မှုကို
သွန်ချလိုက်တယ် .... ။

လက်ချောင်းများရဲ့ ရာဇ၀င်ဟာ
သူတို့သမိုင်းကို သူတို့ထုဆစ်လို့ ... ။
လက်ချောင်းများဟာ ရှင်သန်လှုပ်ရှားလို့ .... ။

ကလောင်သွားကို သွေးတယ် ...
စုတ်တံကိုကိုင်တယ် ...
ဂစ်တာကြိုးကို ညှိတယ် ...
လက်ချောင်းတွေ ပြောတဲ့စကား ...
လှတယ် ... ။

ဗုံတိုပတ်စတွေပေါ်မှာ
လက်ချောင်းတွေ ပြေးလွှား
ဟောဟိုက ယမင်းလေးရဲ့ လက်ချောင်းများ
ဟင်္သာချိုးလေးသာ ချိုးထား .... ။

လက်ချောင်းစကား
လှတယ် ... ။

ပြည်သူ့လက်ချောင်းများ
အနုပညာကို လက်ခုပ်တီးကြတယ် ။     ။

လက်ဝဲ

Monday, April 2, 2012

အတွေးသမား ညစာ

နောက်ဆုံးကျန်ခဲ့တဲ့ ခိုလေးလဲ ပျံသွားပြီ
စကားပင်အိုကြီးပေါ်က နောက်ဆုံးအပွင့်လဲ ကြွေပြီ
သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
ရည်ရွယ်ချက်ရှိရှိ ခရီးနှင်နေရဲ့။

ရှစ်မျက်နှာဘုရား အင်္ဂါထောင့်က ဖယောင်းမီးလဲ ငြိမ်းပြီ
ဇရပ်ပေါ်က ပုတီးစိပ်နေတဲ့ ဥပုသ်သည် လဲ ပြန်ပြီ
ဝိဥာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း
အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။

နောက်အကျဆုံး အိမ်ဆိုင်လေးလဲ ပိတ်ပြီ
ခေါင်းပေါ်က ဓါတ်တိုင်မီးလဲ ပျက်သွားပြီ
ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။

ကြယ်ကြွေပြီ
လ တိမ်ဖုံးပြီ
ခေါင်မိုးမှာ ဇီးကွက်နားပြီ
ဒင်းကလေးခမျာ
ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့
ကမ္ဘာနဲ့ ဝိဥာဉ်နဲ့ ပြဌာန်းစာအုပ်တွေနဲ့
သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ်
ညတိုင်း ညတိုင်း နက်ဖြန်ခါ တစ်ခွက် တစ်ခွက် မှာမှာ သောက်တယ်
မအိပ်ဘူုး... မငိုက်ဘူး။

သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင်သီချင်းအယ်လ်ဘမ်
နောက်ဆုံးအပုဒ်လဲ ပြီးသွားပြီ။    ။


လက်ဝဲ

Tuesday, March 20, 2012

သူ့ပုံတူ သူပြန်ဆွဲထားတဲ့ ကဗျာ

ကျွန်တော်က ..
အရောင်တစ်ခုခုရဲ့ ဖမ်းစားမှုနဲ့
ကဗျာတွေခင်းထားတဲ့ ပထ၀ီကို နမ်းပြီး..
ကြီးပြင်းလာတဲ့ ကောင်။

ရင်တစ်ချက် လှပ်ကနဲ ဆို
ရွှေမျက်ရည် စိုလက်လက် တွေက
ကဗျာ ပေါ် ငိုချ...
နှလုံးတစ်ဝိုက် လှိုက်ကနဲဆို
အသိုင်းအ၀ိုင်းတွေ အားလုံးရဲ့ အပြင်ထွက်ပြီး..
ကဗျာပေါ် ဟက်ဟက်ပက်ပက် ရယ်ချတတ်တယ်။

အနိမ့် အမြင့် ရစ်သမ်..
ခံစားချက် ချို ခါး
အလှဆုံးပန်းလေးတွေနဲ့..
ရုပ်အဆိုးဆုံး ကိလေသာတွေ..
ကဗျာမှာ ရှိတယ်..
ကဗျာတွေ ဖတ်တယ်..
ကဗျာတွေ ရေးတယ်...
ကျွန်တော်ဟာ..  ကဗျာတိုင်းအပေါ်မှာ
မျက်နှာများတယ်.။

ရုပ်နာမ်နှစ်ပါး ဓါတ်လေးပါးနဲ့
သုံးဆယ့်တစ်ဘုံ သားတွေ ရှိတဲ့...
ဒုတိယ လောက ဟာ... ကဗျာဖြစ်တယ်...
ဒါ့ကြောင့် ကျွန်တော်နဲ့ ကဗျာဟာ..
ကမ္ဘာပေါ်မှာ သံသရာ လည်ဖြစ်ကြတယ်။

ကဗျာ... ဆိုတာက...
ကျွန်တော် ပြန်အလည်ချင်ဆုံး မွေးရပ်ဇာတိလို
ဆွေးမြေ့ဖွယ်..
ကျွန်တော် မနက်တိုင်းတောင့်တတဲ့ လက်ဖက်ရည်လို
နိစ္စဓူဝ အာဟာရ
ကျွန်တော် အသည်းကွဲဖူးတဲ့ ရှစ်မျက်နှာဘုရားက အင်္ဂါထောင့်လို
တစ်ဆစ်ဆစ် နာကျင်နေတဲ့ ဒဏ်ရာ..။

ည... ည ကျွန်တော် အိပ်ခါနီးတိုင်း..
အမွှေးနံ့ နဲ့ မြှူဆွယ်...
အသံစူးစူး... ရူးသွပ် ဂီတနဲ့ သိမ်းသွင်းဆွဲဆောင်
ကဗျာဟာ... ကျွန်တော် ခေါင်းရင်းမှာ...
မကျွတ်မလွတ်သေးတဲ့ .. နာနာဘာဝ တစ်ကောင်လဲ ဖြစ်တယ်.။

သိပ်ကို ချစ်ဖို့ကောင်းတဲ့
ချစ်သူ သေးသေးလေး တစ်ယောက်
ကောက်ရထားသလို....
ကဗျာထားရာ နေ ကဗျာ စေရာသွား..
မာနတွေ အတ္တတွေ ဆိုတာ
ကဗျာစိတ်နဲ့ပဲ.. ဆုံးပါးသွားခဲ့တာ..
ကြာ ပေါ့ လေ..။    ။


လက်ဝဲ
ကမ္ဘာ့ကဗျာနေ့ (၂၁.၃.၂၀၁၂)

Monday, March 12, 2012

ဓါတ်ပုံ



တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။

တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။

နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ

ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။

ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။

ဖျတ်..။    ။

လက်ဝဲ

Wednesday, March 7, 2012

နေ့တွက်

လက်ထဲမှာ
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
သံယောဇဉ်တွေအတွက်
တိုက်မြင့်ပေါ်တွေ တက်ခဲ့
ဒါဟာ ငါ့ရဲ့ “နေ့တွက်” ဖြစ်တယ်။

ပန်းရံဆိုလဲ ဟုတ်၊
လက်သမားဆိုလဲ ဟုတ်၊
သူများအိမ်မှာ ပန်းကနုတ်တွေတွဲ
ငါတို့အိမ်လေး အဖီဆွဲရလိမ့်ဦးမယ်။

သမီးဖိနပ်၊ သားမုန့်ဖိုး
မိန်းမ ချက်မဲ့ ညစာဟာ..
ငါသယ်နေတဲ့ အုတ်ခဲပုံထဲမှာ ရှိရဲ့
ဒီလိုပဲ...
ငါ့ချွေးသီးချွေးပေါက်တွေ မွန်းတည့်လွန်းလှချည့်။

မိသားစု “ဇော” က ပေးတဲ့ ခွန်အား
သူတို့ သက်ပြင်းချသံ တိုးတိုးလေး ကြားချိန်မှာ
ပြန်လည် စွန့်ကြဲ ပေးသနားဖို့ တောင်းဆို...
အို... ငါ အမောဖောက်ပြီဆို
သူတို့ ခေါင်မိုးလေး မိုးယိုတော့မယ်။

အိပ်ယာထက်မှာ...
ငါ/ မပြီးမြောက်တဲ့ နိယာမ
မီးဖိုချောင် ထကြည့်
ခြေထောက်ဗလာနဲ့ သမီး
မုန့်စားချင်တဲ့ သား။

သံလျက်တန်းလန်းနဲ့ အင်္ဂတေ
ရေပေါ်မထိုးရသေးတဲ့ ပျဉ်ချပ်
ဆေးခန်းမသွားနိုင်သေးတဲ့ ငါ
အားလုံးဟာ.. ငါ့အတွက်
မပျောက်သေးတဲ့ ရောဂါ။

အိမ်ထဲမှာ..
မီးဖိုးချောင်ထဲမှာ..
လက်ထဲမှာ...
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
ဒါ................
မိသားစုအတွက် “နေ့တွက်” ဖြစ်တယ်။    ။

လက်ဝဲ

Sunday, March 4, 2012

ငါ့သမိုင်း

လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပိတ်ထားတဲ့
တံခါးတစ်ချပ်လား
ခင်ဗျား မျှော်လင့်ချက်ဆိုတာကို
ကိုးကွယ်ဖူးသလား။

သစ်ပင်တွေမြင်တိုင်း ကြွေကျရမှာ ကြောက်တယ်
တစ်ရှူးစ တွေမြင်ရင်
လူက အလိုလိုနေရင်း လွင့်ဝဲ သွားတတ်တယ်
ငါဟာ သိပ်ကို ပျော့ညံ့လွန်းလှပါတယ်ကွယ်။

ဘာတွေထုဆစ်ဖူးလဲ
ကိုယ်ဖန်တီးမှုတွေက ကိုယ့်ဆီကို
ဖုန်း ဘယ်နှစ်ခါ ပြန်ခေါ်ပြီလဲ (ထားတော့)
မနက်ဖြန် ငါ့ကို ဘာနက္ခတ် ဝင်စားမလဲ။

မသိဘူး
ငါ့သမိုင်းဆိုတာ
ငါ သေမှ ဖြစ်လာမှာ။    ။


လက်ဝဲ

Friday, March 2, 2012

သမိုင်းဝင် အညစ်အကြေးများ

မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
အဆုံးထိ နစ်ဝင် အစွန်ထိ ကျွံကျ မသိခြင်းကို မသိခြင်းလို့ မသိကြ
(အနတ္တသဘောကို သံသယ ရှိနေသေး သမျှ သံသရာမှပဲ နစ်လိုက်ကြ)
မရှိသေးရင် ဝယ်ပြီး ရူး ဝယ်ပြီးမိုက်ကြ.. အတ္တနန်းတော်ရဲ့ ခမ်းနားမှု အမိုက်အမှောင်မှာသာ
ပျော်ရွှင်ကြ (ဆုတွေလဲ ပန်ကြရဲ့...........)
မနက်ဖြန်များစွာရဲ့ လက်မှတ်မပါတဲ့ ခရီးတွေကို စီးနင်း လိုက်ပါကြ
(ဘူတာတွေသာ ဥသြဆွဲသွားကြ)
ဘယ် ညနေမှ လေမတိုက်ချင်နေ မိုက်ရူးရဲဆန်ဆန် လေကို ပြန်တိုက်ကြ
ကမ်းတွေ မရှိ စည်းတွေ မဲ့ကြ...
ကမ်းတွေပဲ့ကျ တံတားတွေကျိုးကျ
ကပ်ဆိုက်နေတဲ့ ညတွေကို မျက်နှာလွဲခဲပစ် ဖြတ်သန်းကြ
တူးကြ ဆွကြ သန်းခုနစ်ထောင်မြောက် ဒုက္ခကိုလဲ ရယ်သွမ်းသွေးမိကြရဲ့
ဆင်းရဲနွမ်းပါးမှု  ပြဿနာ၊ အကျင့်ပျက် ချစားမှု ပြဿနာ၊ .... ပြဿနာ..
ပြဿနာပေါင်းများစွာ ရဲ့ စိန်ခေါ်မှုကို ငါတို့ဟာ ငါတို့ဘာသာ အော်ဟစ်ကြ ဆူညံကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
ကယ်တင်ကြ ထောက်ပံ့ကြ အားပေးကြ သူ့ အရပ် သူ့ဇာတ် မနိုင်ရင် လွှတ်သာ ချကြ
အားမလို အားမရ အချင်းချင်းလဲ ဆဲကြ ဆိုကြ... တိုကြ ရှည်ကြ.. ကွဲကြ ပြဲကြ ဖြောင့်ကြ ကောက်ကြ
ဘဝထဲက သဘာဝတွေကို ရောင်စုံတွေ ရေးခြစ်ကြ...
ငါတို့တွေ ခေတ်အပျက်ကြီးထဲမှာ နေနေကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
.............................................................................ကြ..
ဂွတီး ဂွကျ ဘဝထဲမှာ ငါတို့ မွေးဖွားလိုက်ကြ သေလိုက်ကြ...။    ။

လက်ဝဲ

Wednesday, February 29, 2012

အရင်လိုပဲ.. သား ပြင်တုန်း ဆင်တုန်းပါ... အမေ

မနက်ဖြန်က စိတ်ပျက်လက်ပျက် ဘတ်စကားမှတ်တိုင်မှာ ရပ်နေတုန်း
မနေ့က ကျပ်ကျပ်ညပ်ညပ် လှောင်ပိတ်နေတဲ့ ဘတ်စကားအဟောင်းကြီးထဲ ပါသွားရဲ့...
ထီးလဲမပါဘူးအမေ.. သား ထမင်းချိုင့်လဲ ယူမသွားဘူး
ဘာကို အာခေါင်ခြစ်ပြီး ကျုံးဝါးနေရတာလဲ.. ဘာကို လက်သီးလက်မောင်းတန်းပြီး အားမွေးရမှာလဲ...
သားမှာ.. အနာဂါတ်ရှိလား အမေ...
မျှော်လင့်ချက်ကြီး သက်သက်နဲ့ အသိုင်းအဝိုင်းတစ်ခုထဲမှာ မတ်တပ် ရပ်နေရတာ..
အလံဖြူစော် နံလွန်းလို့ပါ...
ကိုယ်ခံအားတွေ လေတိုးခံထားရလို့... အအေးပတ်နေတယ်.... မနေ့က မနက်က
အနွေးထည်မဝတ်ပဲ အလုပ်သွားမိတယ်.. အမေ..။
စိတ်ထဲမှာလဲ နိမ့်လိုက်မြင့်လိုက်နဲ့ မရင့်ကျက်မှုတွေလို့ ထင်တာပဲ အမေ..
သူတို့တွေ သားဘဝကို ကန်ကျောက်ပြီး ကစားနေကြတယ်..
လေတွေ တိုက်တိုင်း စစ်ကိုင်းတံတားကြီးပေါ် ရောက်ရောက်သွားတယ် ...
တစ်လောကလုံး ကို အဲဒီမြစ်ပေါ်မှာ ကြောက်လွန်းလို့ ငိုဖူးတယ်.. အဲဒီနေ့က လေ ကလဲ ကြမ်းပါတယ်..
သိမ်ငယ်လို့ ဇွဲမရှိတာလား.. ဇွဲမရှိလို့ သိမ်ငယ်တာလား... ကြောက်တယ်..
ဘာလို့ ကြောက်ရမှာလဲ သားရယ်.. ဟင့်အင်း မဖြေရဲဘူး ကြောက်တယ်..
အဲလို.. ကြောက်ခဲ့ဖူးတာ အမေသိတယ်မဟုတ်လား အမေ.. အနီရောင်ကို ငယ်ငယ် ကကြောက်တယ်.။
ကျားကြီးတွေ ကိုကြောက်တယ်.. သရဲကြီးတွေကို ကြောက်တယ်.
ကပ္ပိယကြီး ဦးသိုက်ထင် ကို ကြောက်တယ်..။
ခုတော့ သိပ်ညစ်ပတ်တဲ့ ခွေးဝဲစားလေး တစ်ကောင် ပုံစံနဲ့... လေလွင့်လို့...
တစ်ခါတစ်ခါ လက်ဖက်ရည်ဆိုင်ထဲ ရောက်သွားလိုက် လမ်းပေါ်ရောက်သွားလိုက်..
မာနဆိုတာတွေက ကျောင်းသားတစ်ယောက်က စာတစ်ပုဒ်ကို
နှစ်ရက်လောက် ကျက်လို့မှ မရနိုင်သေးတဲ့ ဝေဒနာမျိုးနဲ့ ရေလိုက်ငါးလိုက်...
လမ်းပေါ်လိုက်သွားတယ်.. လက်ဖက်ရည်ဆိုင်လိုက်ထိုင်တယ်..
 ညည အိပ်မပျော်တာ စိတ်ကျရောဂါ လက္ခဏာလား..
အချိန်ပြည့် ထိုင်းမှိုင်းနေတာကရော.... တက်ကြွမှုတွေ ပျောက်ဆုံးနေတာကရော..
လမ်းပေါ်မှာ ခေါင်းငိုက်စိုက် လျှောက်နေရတာကရော..
သား စိတ်ကျရောဂါ ဝေဒနာ ခံစားနေရလားအမေ..
သား ကမ်းပါးယံမှာ.. ငေးနေရင် စိတ်ကူးတွေက မြစ်ထဲကို ခုန်ချနေတယ်..
လက်ဖက်ရည်ဆိုင်ပဲထိုင်မိပြန်ပြီ.. ဆေးလိပ်တွေပဲ သောက်မိပြန်ပြီ အမေ..
သားကိုကြည့်ပါဦးအမေ.. အရင်လို ပိန်တုန်းပဲလား.. မျက်တွင်းတွေ ခွက်နေတုန်းပဲလား..
ညည အိပ်လို့ မရလို့ပါအမေ... သားအိပ်ယာထဲမှာ... အိပ်မက်ဆိုးကြီး အိပ်နေတယ်.
အမေ... သူနဲ့ တူတူ သားမအိပ်ရဲလို့.. မနက်ခင်းကို အနားယူမှု မရှိပဲ မျက်နှာသစ်သစ် ပေးနေရတယ်..
အထိတ်တလန့်... သတိပေးခံရ.. သားဟာ ကြောက်နေရတုန်းပဲတဲ့.. အမေ...
သား အံ့သြတယ်... အမေ အားလုံးကို သိနေတာပဲ.. အမေက သားရဲ့ အကြားအမြင်ဆရာမကြိးပေါ့..
ညည စောစောပြန်အိပ်ပါ.. ပိုက်ဆံတွေ ခြွေတာသုံးပါ.. မျက်တွင်းတွေခွက်တယ်.. သားအရမ်းပိန်တယ်...
အိပ်ရေးဝဝ အိပ်ပါ.. သားရယ်.... ဆေးလိပ်တွေမသောက်ပါနဲ့..
 သားကို အမေ့စကားတွေက လှိုက်လှိုက်ပြီးစားတယ်...
သားက အမေ့အကြည့်တွေကို အိပ်မက်မက်ပြီး ရှိုက်ကြီးတငင်ငိုတယ်....
သား ချောင်းတွေဆိုးတယ်.. ဆေးလိပ်ဖြတ်ထားတယ် အမေ....
သားရဲ့... သက်ရှိဒိုင်ယာရီတစ်အုပ်က သွေးစစ်ကြည့်ဖို့ ပြောထားတယ် အမေ...
တစ်ယောက်တည်းနေပြီး ကိုယ့်ကိုကိုယ် အဖော်လုပ်ရတယ်.. သားမှာ ရည်းစားမရှိပါဘူး.. အမေ..
အမှန်အတိုင်းပြောရရင်.. စောစောက မျှော်လင့်ချက်လိုပါပဲ.. သားကိုက... သူ့ဇာတာထဲမှာ.
လက္ခဏာ အရေးအကြောင်း တစ်ခု မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့ အမေရယ်.. . အချစ်ဆိုတာ........
ကျွန်တော်အရှည်ထားခိုင်းရတဲ့ သူ့ ဆံပင်လေးတွေ.... အမေရဲ့.. (ထားပါတော့)
နေ့ခင်းဖက် အိပ်အိပ်ကြည့်လဲ သား ဝမလာပါဘူး အမေ.. ညဖက် သား ဂရုစိုက်ပြီးအိပ်ပါ့မယ်..
လမ်းအဟောင်းကို ဖိနပ်အသစ်နဲ့ ပြန်လျှောက်ဖို့ လိုအပ်နေသေးတယ်.. အမေ..
သားခြေရာ အဟောင်းတွေ ကိုတော့ လိုက်ဖျက်နေရသေးတာပေါ့.. အလုပ်မှာ သားအဆင်ပြေပါတယ်..
အရင်လိုပဲ.. ရင်ခံနေရတာပဲ... ရင်မောနေရတာပဲ.. လှိုက်လှိုက် လှိုက်လှိုက်နဲ့.. အောင့်နေသေးတာပဲ... အမေ..
ထီးလဲ မပါသေးဘူး .. ထမင်းချိုင့်လဲ မယူချင်သေးဘူး... အရင်လိုလဲ ကြောက်နေရတုန်းပဲ...
ခု... လမ်းပေါ်မှာပဲ လက်ဖက်ရည်ဆိုင်ထဲမှာပဲ... အသုံးအဖြုန်းကြီးတုန်းပဲ...
သူ့ ဆံပင်လေးတွေက သားကို မေ့ထားတုန်းပဲ... သား အရင်လိုပဲ....
အမေ.... သား ကိုယ့် ဘဝလေးနဲ့ကိုယ်... အသားပိုတွေကို ဖဲ့ဖဲ့ချနေတယ်..
အနံ့ဆိုးတွေကို ရေချိုးနေတယ်... ညည ပျော်အောင်အိပ်နေတယ်..
ဒါပေမယ့်.. အရင်လိုပဲ.. အရင်လိုပဲ... အ... ရင်... လို... ပဲ...
သားမှာ ... အားမရှိတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်.. အမေ...
စိတ်မပူပါနဲ့ ... အမေ... သားအဆင်ပြေပါတယ်..
သား... အရင်လိုပါပဲ......................။     ။


လက်ဝဲ

Saturday, February 25, 2012

နင်ဟာ ငါ့ချစ်သူဖြစ်တယ်

ပြုံးတိုင်း ရယ်တိုင်းမှာ ငါ့အတွက် ကဗျာတစ်ပုဒ်စီ ချန်ရစ်ခဲ့
နင် ဟာငါ့ချစ်သူ ဖြစ်တယ် ဇင်။
သိလားဇင်.. အချစ်က နင်၊ အချစ်က နင် ငယ်ငယ်က စီးခဲ့တဲ့ စက်ဘီးလေး၊
အချစ်က အိတ်ဆောင်နာရီလေးတစ်လုံး၊ ငါမရခဲ့ဖူးတဲ့ ဆင်တူအင်္ကျီလေးတစ်ထည်၊
နင့်ကို စာလိုက်ပေးဖူးတဲ့ လမ်းလေး၊ အချစ်က နင်အိမ်မှာ ရှိတဲ့
အမွှေးပွ ခွေးလေးပဲ.. ဇင်..  နင်နဲ့ ပက်သက်သမျှဟာ တကယ်တော့ အချစ်ပဲ။
ချိုမြိန်သာယာမှုတွေကို အရမ်းကာရော ငါ ပေးချင်တာပေါ့ ဇင်.. ဘဝကို
ဘယ် သံလိုက်အိမ်မြှောင်နဲ့ ကြည့်ကြည့် နင်ရှိတဲ့နေရာနဲ့ 
လမ်းမသင့်ဘူးတဲ့လား... နင်ပဲ ဓူဝံကြယ် ဖြစ်လိုက်စမ်းပါတော့ ဇင်ရယ်။
ကျူရှင်လှေကားထက်က ဇင်၊ ကျောင်းပေါက်ဝ က ဇင်၊ လျှာထိုးဦးထုပ် အနီရောင်လေးနဲ့ ဇင်၊
ကျောင်းစိမ်းအင်္ကျီကို ငါ ဂျီးစော်နံအောင် ဆော့တတ်တဲ့ ခေတ် ကတည်းက
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ် ဇင်။
ငါဟာ စာသင်ခန်းဝမှာ နင်ပေးခဲ့တဲ့ စာအုပ်ပြာလေး ဖြစ်တယ် ဇင် ..
ခဲတံနဲ့ ရေးထားတဲ့ “လွမ်းတယ်” ဆိုတဲ့ စကားလုံးလေးထဲမှာ ငါနေထိုင်တာပေါ့။
ခုကော လွမ်းမနေဘူးလား ဇင်.. နင့်ကို ငါချစ်တယ်။
လူတကာ လျှာပေါ်က မြက်တွေကို ငါ ထွန်ယက်စိုက်ပျိုးခဲ့တာ မဟုတ်ရိုး အမှန်ပါ။
သံသယတွေ စိမ့်ဝင်ကြပေါ့... ငါ့အိပ်မက်ကလေး တစ်ရေးနိုးရပေါ့။
ပန်းနုရောင်စာအိတ်လေးထဲ ငါ အလည်ရောက်ခဲ့သေးတယ် ဇင်ဇင်..
စာအိတ်ဖြူလေး ရောက်တဲ့နေ့ကပေါ့။ “ခွဲနေကြရအောင်”ရဲ့ နောက်မှာ ဒီကဗျာခေါင်းစဉ်ကို
သွေးရူးသွေးတန်းနဲ့ရေးခဲ့ ဖူးပါတယ်.. နင်ဟာ ငါ့ချစ်သူဖြစ်တယ် ဇင်။
နင့်လမ်းထဲကို ငါ ပြန်လျှောက်တယ် နင့်အရိပ်ကို ငါ ပြန်ရှာတယ်..
“ရင်ခွင်သစ်” သီချင်းကို ချွေးသီးချွေးပေါက်တွေနဲ့ အိပ်မက်မက်တယ် ....
ငါ့ရင်တွေ ကျိုးရပေါ့.... ငါ့ခြေလှမ်းတွေ ချိနဲ့ ရပေါ့... ဇင်..
ဘာပဲဖြစ်ဖြစ် ငါ သဝန်တိုချင်တယ်။
အရူးတစ်ယောက်လို တောင်စဉ်ရေ မရတွေလဲ ရေးခဲ့..
“မိုးရေစက်တို့ နှင်းစက်တို့ ... ငါ့ ကျောင်းတက်ချိန်လေးကို ပြန်လာခေါ်ပါ”
နင့် အငွေ့အသက်မရှိတဲ့ နှစ်တွေကို ငါ မချစ်ဘူး နင့်အနံ့မရတဲ့
ညတွေကို ငါ မုန်းလွန်းလို့ မအိပ်ချင်ဘူး ဇင်..
သက္ကရာဇ် အချို့က ငါသေပြီလို့ ကြေငြာကြလိမ့်မယ်.
ခု နင့်ရှေ့မှာ ငါလျှောက်လာနေတာ နင်မကြိုဘုးလား.. ငါလဲကျချင်နေပေမယ့်
ချစ်နေသေးလို့ စကားလုံးလေးတွေ အစိုဓါတ်ကျန်နေသေးတယ်..ဇင်...
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။
ခုတော့ ငါ  ကြယ်အသေတွေ သင်္ဂြိုလ် နေတယ်။ သက္ကရာဇ်ဖြိုချင်နေတယ်
သံစဉ်သစ်တွေ မရှိတဲ့ သီချင်းဟောင်းကို ပဲ ဂစ်တာ အသစ်နဲ့ ပြန်တီးမယ်...
အရင်လိုပြန်ချစ်ရအောင် ဇင်။
င့ါကိုယ်ပွားလေးတွေ နင့်ဘေးနားက ဘယ်တုန်းကမှ နင်နဲ့ ဝေးရာကို ထွက်မသွားဖူးဘူး မဟုတ်လားဇင်..
ပြုံးပါ ဇင်.. နင်ရယ်ပါ... ငါ ကဗျာတွေ ရေးနေမယ်..
နင်ကြိုက်တတ်တဲ့ သီချင်းတွေပဲ ရွေးနားထောင်မယ်... နင့်ညတွေကိုပဲ..
ရွေးပြီး အိပ်မက်မက်မယ်.. နင့်နှလုံးသားကို ငါ မက်မက်မောမော မွေးစားမယ်
ပန်းရိပ်ကို ခိုမိမှတော့ မိုးပြိုမယ် ဆိုလဲ ပြိုစေတော့ ဇင်....
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။    ။


လက်ဝဲ