နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စူးနေတဲ့ ဆူးကိုပဲ နင်းတက်သွားရတယ်
ငါဟာ တစ်ရှူးတစ်စ ပါ ဆိုတာ
ငါ့ကိုယ်ငါ ယုံအောင် ဖျောင်းဖျလိုက်ပါ့မယ်
နင် လုံးချေပြီး လွှင့် သာ ပစ်လိုက်။
ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
သစ်ရွက်လှုပ်တာလဲ အလွမ်းသံ ထွက်နေတာပဲ
ဆို့နေတာတွေကို ကဗျာလုပ်ရေးရတော့
ဓါးတစ်လက်လား မျက်ဖြေလင်္ကာလား
မှန်းရ ခက်တယ်။
ထုံးစံအတိုင်း
နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စက်ဘီးလေးနဲ့ ကျောင်းတက်တုန်းက
ဘဲလ်တီးသံလေးကိုပဲ ပြန်ဆက်ကြည့်နေရတယ်
အခန်းထဲမှာ အိပ်ဆောင်နာရီကလေး
အမှတ်တရပစ္စည်းဆိုတာ
သာမန်ကာ လျှံကာ ကြည့်လဲ ရင်ခံတာပဲ။
ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
ဘာတေးမှ မဆိုတဲ့ ငှက်ကို
ကောင်းကင်က ကူပျံပေးနေရတယ်
အိပ်မက်ကို ပ, ထုတ်လိုက်ရင်လဲ
ပုံနှိပ်စာအုပ်ထဲက လို စိတ်ကူးယဉ်နေရပြန်ဦးမယ်။
ကြာတော့လဲ
အလေ့ကျ သစ်ပင်တွေပဲလေ
ငါ့ရှေ့မှာ အဖြူအမည်း ပတ်စပို့ဓါတ်ပုံတစ်ပုံ၊
ကြမ်းပေါ်မှာ ဆေးလိပ်နဲ့ ရင်ထဲမှာ ဂစ်တာ
တော်ပါပြီ။ ။
လက်ဝဲ



