Pages

Subscribe:

Ads 468x60px

Wednesday, July 25, 2012

ဆယ့်နှစ်နာရီကောင်

မင်းစေတနာတွေ အမှည့်လွန်နေတော့ရော
ဘယ်သူတွေ ဘယ်စီးကြောင်းမှာ မျောလဲ ဆိုတာ
ဘယ်သူတွေ စိတ်ဝင်တစားပြောကြလဲ
သက်သက်မဲ့ ခံစားချက်တွေ မောပါတယ်
အဲဒီ သဘောထားနှစ်ခုကို  ရောပစ်လိုက်
ငါ မပြောမိတဲ့ အမှိုက် တစ်စ ဟာ
တောသံတောင်သံတွေနဲ့ ရောက်လာ
ဒီလိုနဲ့...။

လောကဓမ္မဟာ တလောက ကိစ္စနဲ့ ပြောရရင်
သူ့ အမြင်တွေထဲမှာ လက်ဟန်ခြေဟန်တွေ ရော  လို့
သဘောထားကွဲလွဲမှုတွေ စားပွဲပေါ်မှာ မော... လို့
ဒီလိုနဲ့...။

“ည” အက္ခရာလေး တိမ်ကောရတော့ မလိုနဲ့
ငါ့ အိမ်ပြန်ချိန် စောမှာ မဟုတ်တော့ သလို
အဲဒီလိုနဲ့..။ ။


လက်ဝဲ

Sunday, July 8, 2012

ဒါ ဘယ်သူ့ အညာလဲ

တမာရွက်တို့ တငွေ့ငွေ့ကြွေ
ငါ့ ကိုပြောပါ
ဒါ ဘယ်သူ့နွေလဲ။

ရေဗူးမပါ ခြေဗလာနဲ့
ငါ့ ကို ပြောပါ
ဒါ ဘယ်သူ့ ယာ လဲ။

ယိုယွင်းနေတဲ့ အညာက
ဝတ္တရား အရ ပြုံးပြ
ငါ
လှည်းလမ်းလေးဘေးကို
သက်ပြင်းတွေ ပြေးချ လိုက်ချင်ရဲ့။

ဝေးသွားလိုက် နီးလာလိုက်
ရေခပ်ချိန်လေး မှောင်မိုက်နေလေရဲ့
လေရူး တို့ တ၀ူးဝူးတိုက်ခတ်
ရွာဦးကျောင်းကြီးလဲ တုံးခေါက်သံမဲ့နေသတဲ့။

ဒါဟာ
လွန်ခဲ့တဲ့ လဆုတ်တစ်ရက်က မက်တဲ့
အညာအိပ်မက် လက်တစ်ဆုပ်စာလေးပေါ့။  ။

လက်ဝဲ

Tuesday, June 26, 2012

ယွန်း

ပခုံးချင်းတိုက်မိနေကျ မိုးဥတုတွေထဲက
တိမ်တစ်ဆုပ်ကို သတိထားမိလိုက်သလို
သာမန် ဘိုင်အိုဂရပ်ဖီတစ်အုပ်ကို
ရိုးရိုးသားသား ဖတ်ကြည့်မိရာက စ။

အပြုံးထဲဝင်ပြီးတစ်ရေးအိပ်မိလို့
နှုတ်ခမ်းလေးနဲ့ နိုးထခွင့်ရရုံ
သူမ ရယ်သံလေးထဲမှာပဲ
ခိုလှုံချင်နေမိရာက စ။

မှတ်မိနေသမျှကိုပဲ မှတ်ထားခွင့်ရရုံ
ကြုံခဲ့သမျှကိုပဲ ပြန်တွေ့ခွင့်ရရုံ
ဖြစ်လာသလောက်ကိုပဲ မျှော်လင့်ခွင့်ရရုံ
သူမတစ်မျက်နှာထဲကပဲ ကိုယ့်အတွက် ဖူလုံနေသလိုလို။

ဟိုတစ်စ သည်တစ်စ
သိမ်းထားမိသမျှတွေထဲမှာ
မျက်လွှာအဝင့် နှုတ်ခမ်းအဖွင့်လေးက အစ
ဆံနွယ်အယိမ်း မျက်ဝန်းလေး သိမ်းသွားသည် အထိ။

လက်ဝဲ

Wednesday, June 6, 2012

လူယောင်

ဖမ်းမမိလိုက်တဲ့
လမင်းအစင်းစင်းကိုပဲ
တို့တွေ
နှမြောတသ ဖြစ်လိုက်ကြရအောင်.. တဲ့။

ကိုယ့်နေရောင်နဲ့ကိုယ်
မှောင်ရလွန်းလို့
ခလုတ်ဖွင့်မထားတဲ့ မင်း
အပျင်းကြီးတယ်။

လက်ဝဲ

Thursday, May 31, 2012

မိဿရာသီမှာ ငါရွာထားတဲ့ မိုး

ကိုယ့်ကိုယ်ကိုယ် ပြန်ရေးမှ
ကိုယ်လက်ရေးမလှတာ ကို အလိုမကျတွေဖြစ်ရ
ငါဟာ... တေလေတစ်ကောင်
ငါဟာ.. အမှိုက် တစ်စ
ငါဟာ.. ဖုန်မှုန့်လေး တစ်စက်
ဘယ်လိုပဲ ဖြစ်ဖြစ် လွင့်ခဲ့ပြီးပြီ။

`လူဟာ
ကိုယ့်ရက်စွဲနဲ့ကိုယ် သင်ကြားတတ်ရမယ်´
ကောင်းကင်ရဲ့ မှာသံဟာ..
ငါ ခေါင်းညိတ်ခဲ့တဲ့ စာရင်းထဲ ပါ မပါ
ပြက္ခဒိန်ထဲမှာ ဘာမှမတွေ့တဲ့နေ့က
နှစ်နှစ်လောက် ခြ စားခံခဲ့ရ။

ငါ
တောင်ပံအသစ် တစ်စုံအဖြစ်
ငှက်အသစ်တစ်ကောင် အဖြစ်
မီးခြစ်ဆံလေး တစ်ချောင်းစာလောက်
ကိုယ့်ရင်ထဲကိုပဲ ပြန်ပြီးလွတ်ကျ ဖြစ်ခဲ့တယ်။

ငါ့ကိုယ်ငါ တူးဖော်မိတော့..
ငါဟာ.. မြေသားအလွှာတွေထဲမှာ
ငါ့ကိုယ်ငါ ရွက်လွှင့်မိတော့
ငါဟာ.. ပင်လယ်ဆန်ဆန်
လှိုင်းတွေထန်နေပြန်ရော..
အဲဒါနဲ့
ငါ့ကိုယ်ငါ မွေးဖွားပစ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကိုယ့် အသိစိတ်နဲ့ကိုယ် တန်ဖိုးထားမိတဲ့
မိုးကောင်းကင်ဟာ
သိမ်မွေ့ ၀ပ်တွားစွာ ငါ့ကို...
သက်ဆင်းစေခဲ့
သူအုပ်မိုးထားတဲ့ နေရာမှာ..
ယဉ်ကျေးမှု ထွန်းကားစေမတဲ့။

အဲဒီလိုနဲ့
တိမ်ကိုစီးပြီး ယီးလေး ခိုခဲ့ဖူးတဲ့ငါဟာ...
ခု ကိုယ့်ဗီဇနဲ့ကိုယ် ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်ကလေး တစ်စပေါ့
ငါ့ဖြစ်တည်မှုကိုငါ ကျေနပ်နိုင်ပြီ။

အဲဒီလိုနဲ့
တစ်နေ့..
ပန်ဒိုရာဘောက်(စ်) ထဲကနေ
တစ်စုံတစ်ရာ အငွေ့ပျံတက်လာမဲ့ တစ်နေ့
မေ့လို့ မရတော့လောက်အောင်
လူရှေ့သူရှေ့မှာ...
ငါ့ကိုယ်ငါ ရွာချ ပစ်လိုက်ပါ့မယ်။    ။


လက်ဝဲ

Friday, May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

Friday, May 4, 2012

ကြမ်းပေါ် ပုံထားတဲ့ မာန

ချွေးနဲ့ ဆောက်ထားတဲ့ ခနော်ခနဲ့ အိမ်လေးလေ
ကနုတ်ပန်းဆွဲတွေ မရှိတော့ရော
ဘာဖြစ်သေးလဲ။

ဘ၀ ဆိုတာ ရုန်းကန်နေရမှ
သူ့ရုပ်လုံးပေါ်လာတတ်သတဲ့
ကျုပ်ဟာ
နေပူု ကျဲကျဲမှာ ဖြစ်ဖြစ် မိုးသည်းထဲမှာ ဖြစ်ဖြစ်
သူ့ကို ထုဆစ်တဲ့ ပန်းပုဆရာတစ်ယောက်
ဖြစ်ချင်ခဲ့/ ဖြစ်နေခဲ့ရပြန်တယ်။

အောက်ခြေလူတန်းစား ဆိုတာ
အပေါ်ယံလေးပဲ ကြည့်ချင်တယ် ဆိုရင်တောင်
ငုံကြည့်မှ မြင်ရမယ့် အမျိုးဆိုတော့
ကျုပ်က ဘယ်သူ့ကိုမှ
အိမ်ထဲကို ဖိနပ်ချွတ်ဝင်လာဖို့ မတိုက်တွန်းပါဘူး။

ကိုယ့်စွမ်းအင်ကိုယ် ချနင်းရလို့
သိပ်မလင်းပါဘူး မိတ်ဆွေ
ဒီလိုပဲ ကျုပ်တို့
အုတ်အရောရော ကျောက်အရောရော
နေနေကြရတာ။

ဒါလဲ အမြင်ပိုင်းဆိုင်ရာ သက်သက် ပါလေ
ရင်ထဲမှာ နှလုံးထဲမှာ...
(ပြောရရင် ကြီးကျယ်ရာတော့ ကျတယ်)
လမင်းလောက်သာ မခမ်းနားတာပါ
ကြယ်လေးလောက်တော့
တောက်ပချင်စိတ် ပြင်းပြပါတယ်။    ။

လက်ဝဲ