ကျွန်တော်က ..
အရောင်တစ်ခုခုရဲ့ ဖမ်းစားမှုနဲ့
ကဗျာတွေခင်းထားတဲ့ ပထ၀ီကို နမ်းပြီး..
ကြီးပြင်းလာတဲ့ ကောင်။
ရင်တစ်ချက် လှပ်ကနဲ ဆို
ရွှေမျက်ရည် စိုလက်လက် တွေက
ကဗျာ ပေါ် ငိုချ...
နှလုံးတစ်ဝိုက် လှိုက်ကနဲဆို
အသိုင်းအ၀ိုင်းတွေ အားလုံးရဲ့ အပြင်ထွက်ပြီး..
ကဗျာပေါ် ဟက်ဟက်ပက်ပက် ရယ်ချတတ်တယ်။
အနိမ့် အမြင့် ရစ်သမ်..
ခံစားချက် ချို ခါး
အလှဆုံးပန်းလေးတွေနဲ့..
ရုပ်အဆိုးဆုံး ကိလေသာတွေ..
ကဗျာမှာ ရှိတယ်..
ကဗျာတွေ ဖတ်တယ်..
ကဗျာတွေ ရေးတယ်...
ကျွန်တော်ဟာ.. ကဗျာတိုင်းအပေါ်မှာ
မျက်နှာများတယ်.။
ရုပ်နာမ်နှစ်ပါး ဓါတ်လေးပါးနဲ့
သုံးဆယ့်တစ်ဘုံ သားတွေ ရှိတဲ့...
ဒုတိယ လောက ဟာ... ကဗျာဖြစ်တယ်...
ဒါ့ကြောင့် ကျွန်တော်နဲ့ ကဗျာဟာ..
ကမ္ဘာပေါ်မှာ သံသရာ လည်ဖြစ်ကြတယ်။
ကဗျာ... ဆိုတာက...
ကျွန်တော် ပြန်အလည်ချင်ဆုံး မွေးရပ်ဇာတိလို
ဆွေးမြေ့ဖွယ်..
ကျွန်တော် မနက်တိုင်းတောင့်တတဲ့ လက်ဖက်ရည်လို
နိစ္စဓူဝ အာဟာရ
ကျွန်တော် အသည်းကွဲဖူးတဲ့ ရှစ်မျက်နှာဘုရားက အင်္ဂါထောင့်လို
တစ်ဆစ်ဆစ် နာကျင်နေတဲ့ ဒဏ်ရာ..။
ည... ည ကျွန်တော် အိပ်ခါနီးတိုင်း..
အမွှေးနံ့ နဲ့ မြှူဆွယ်...
အသံစူးစူး... ရူးသွပ် ဂီတနဲ့ သိမ်းသွင်းဆွဲဆောင်
ကဗျာဟာ... ကျွန်တော် ခေါင်းရင်းမှာ...
မကျွတ်မလွတ်သေးတဲ့ .. နာနာဘာဝ တစ်ကောင်လဲ ဖြစ်တယ်.။
သိပ်ကို ချစ်ဖို့ကောင်းတဲ့
ချစ်သူ သေးသေးလေး တစ်ယောက်
ကောက်ရထားသလို....
ကဗျာထားရာ နေ ကဗျာ စေရာသွား..
မာနတွေ အတ္တတွေ ဆိုတာ
ကဗျာစိတ်နဲ့ပဲ.. ဆုံးပါးသွားခဲ့တာ..
ကြာ ပေါ့ လေ..။ ။
လက်ဝဲ
ကမ္ဘာ့ကဗျာနေ့ (၂၁.၃.၂၀၁၂)