Pages

Subscribe:

Ads 468x60px

Thursday, May 31, 2012

မိဿရာသီမှာ ငါရွာထားတဲ့ မိုး

ကိုယ့်ကိုယ်ကိုယ် ပြန်ရေးမှ
ကိုယ်လက်ရေးမလှတာ ကို အလိုမကျတွေဖြစ်ရ
ငါဟာ... တေလေတစ်ကောင်
ငါဟာ.. အမှိုက် တစ်စ
ငါဟာ.. ဖုန်မှုန့်လေး တစ်စက်
ဘယ်လိုပဲ ဖြစ်ဖြစ် လွင့်ခဲ့ပြီးပြီ။

`လူဟာ
ကိုယ့်ရက်စွဲနဲ့ကိုယ် သင်ကြားတတ်ရမယ်´
ကောင်းကင်ရဲ့ မှာသံဟာ..
ငါ ခေါင်းညိတ်ခဲ့တဲ့ စာရင်းထဲ ပါ မပါ
ပြက္ခဒိန်ထဲမှာ ဘာမှမတွေ့တဲ့နေ့က
နှစ်နှစ်လောက် ခြ စားခံခဲ့ရ။

ငါ
တောင်ပံအသစ် တစ်စုံအဖြစ်
ငှက်အသစ်တစ်ကောင် အဖြစ်
မီးခြစ်ဆံလေး တစ်ချောင်းစာလောက်
ကိုယ့်ရင်ထဲကိုပဲ ပြန်ပြီးလွတ်ကျ ဖြစ်ခဲ့တယ်။

ငါ့ကိုယ်ငါ တူးဖော်မိတော့..
ငါဟာ.. မြေသားအလွှာတွေထဲမှာ
ငါ့ကိုယ်ငါ ရွက်လွှင့်မိတော့
ငါဟာ.. ပင်လယ်ဆန်ဆန်
လှိုင်းတွေထန်နေပြန်ရော..
အဲဒါနဲ့
ငါ့ကိုယ်ငါ မွေးဖွားပစ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကိုယ့် အသိစိတ်နဲ့ကိုယ် တန်ဖိုးထားမိတဲ့
မိုးကောင်းကင်ဟာ
သိမ်မွေ့ ၀ပ်တွားစွာ ငါ့ကို...
သက်ဆင်းစေခဲ့
သူအုပ်မိုးထားတဲ့ နေရာမှာ..
ယဉ်ကျေးမှု ထွန်းကားစေမတဲ့။

အဲဒီလိုနဲ့
တိမ်ကိုစီးပြီး ယီးလေး ခိုခဲ့ဖူးတဲ့ငါဟာ...
ခု ကိုယ့်ဗီဇနဲ့ကိုယ် ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်ကလေး တစ်စပေါ့
ငါ့ဖြစ်တည်မှုကိုငါ ကျေနပ်နိုင်ပြီ။

အဲဒီလိုနဲ့
တစ်နေ့..
ပန်ဒိုရာဘောက်(စ်) ထဲကနေ
တစ်စုံတစ်ရာ အငွေ့ပျံတက်လာမဲ့ တစ်နေ့
မေ့လို့ မရတော့လောက်အောင်
လူရှေ့သူရှေ့မှာ...
ငါ့ကိုယ်ငါ ရွာချ ပစ်လိုက်ပါ့မယ်။    ။


လက်ဝဲ

Friday, May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

Friday, May 4, 2012

ကြမ်းပေါ် ပုံထားတဲ့ မာန

ချွေးနဲ့ ဆောက်ထားတဲ့ ခနော်ခနဲ့ အိမ်လေးလေ
ကနုတ်ပန်းဆွဲတွေ မရှိတော့ရော
ဘာဖြစ်သေးလဲ။

ဘ၀ ဆိုတာ ရုန်းကန်နေရမှ
သူ့ရုပ်လုံးပေါ်လာတတ်သတဲ့
ကျုပ်ဟာ
နေပူု ကျဲကျဲမှာ ဖြစ်ဖြစ် မိုးသည်းထဲမှာ ဖြစ်ဖြစ်
သူ့ကို ထုဆစ်တဲ့ ပန်းပုဆရာတစ်ယောက်
ဖြစ်ချင်ခဲ့/ ဖြစ်နေခဲ့ရပြန်တယ်။

အောက်ခြေလူတန်းစား ဆိုတာ
အပေါ်ယံလေးပဲ ကြည့်ချင်တယ် ဆိုရင်တောင်
ငုံကြည့်မှ မြင်ရမယ့် အမျိုးဆိုတော့
ကျုပ်က ဘယ်သူ့ကိုမှ
အိမ်ထဲကို ဖိနပ်ချွတ်ဝင်လာဖို့ မတိုက်တွန်းပါဘူး။

ကိုယ့်စွမ်းအင်ကိုယ် ချနင်းရလို့
သိပ်မလင်းပါဘူး မိတ်ဆွေ
ဒီလိုပဲ ကျုပ်တို့
အုတ်အရောရော ကျောက်အရောရော
နေနေကြရတာ။

ဒါလဲ အမြင်ပိုင်းဆိုင်ရာ သက်သက် ပါလေ
ရင်ထဲမှာ နှလုံးထဲမှာ...
(ပြောရရင် ကြီးကျယ်ရာတော့ ကျတယ်)
လမင်းလောက်သာ မခမ်းနားတာပါ
ကြယ်လေးလောက်တော့
တောက်ပချင်စိတ် ပြင်းပြပါတယ်။    ။

လက်ဝဲ

Friday, April 13, 2012

ကြယ်ကိုစွဲပြီး ကြွေတဲ့လူ

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲ
ဇာတ်လိုက်တွေက
ကြယ်တွေပဲ ဖြစ်သွားကြ...
သူတို့ ကြွေလွင့်မှုတွေ
လှ လို့  ပ လို့...။


မေမေရေ...
ပုံပြင်တွေကလဲ လင်းပြတယ်
သမိုင်းတွေကလဲ ကဆုန်ပေါက်ပြတယ်
သူတို့ ရာဇဝင်တွေက
သားရင်ဘတ်ကို တပ်လှန့်နေကြတယ်။

အိပ်မက်တွေ အလံတလူလူနဲ့
ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
တစ်ခေတ် တစ်ခါမှာ..
သားက...
လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

ကြေးစည်သံ ကြားတယ် မေမေ...
ရေအိုးခွဲသံ ငိုသံတွေထက်
ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
မကြားရမချင်း သားဝိဥာဉ်က
တစ်ညချင်း တစ်ညချင်း
ချနင်းသွားရမှာပဲ မေမေ..။


လက်ဝဲ

Friday, April 6, 2012

အနုပညာလက်

အနုပညာလက်

လက်ချောင်းများရဲ့ ဖြစ်တည်မှုကို
သွန်ချလိုက်တယ် .... ။

လက်ချောင်းများရဲ့ ရာဇ၀င်ဟာ
သူတို့သမိုင်းကို သူတို့ထုဆစ်လို့ ... ။
လက်ချောင်းများဟာ ရှင်သန်လှုပ်ရှားလို့ .... ။

ကလောင်သွားကို သွေးတယ် ...
စုတ်တံကိုကိုင်တယ် ...
ဂစ်တာကြိုးကို ညှိတယ် ...
လက်ချောင်းတွေ ပြောတဲ့စကား ...
လှတယ် ... ။

ဗုံတိုပတ်စတွေပေါ်မှာ
လက်ချောင်းတွေ ပြေးလွှား
ဟောဟိုက ယမင်းလေးရဲ့ လက်ချောင်းများ
ဟင်္သာချိုးလေးသာ ချိုးထား .... ။

လက်ချောင်းစကား
လှတယ် ... ။

ပြည်သူ့လက်ချောင်းများ
အနုပညာကို လက်ခုပ်တီးကြတယ် ။     ။

လက်ဝဲ

Monday, April 2, 2012

အတွေးသမား ညစာ

နောက်ဆုံးကျန်ခဲ့တဲ့ ခိုလေးလဲ ပျံသွားပြီ
စကားပင်အိုကြီးပေါ်က နောက်ဆုံးအပွင့်လဲ ကြွေပြီ
သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
ရည်ရွယ်ချက်ရှိရှိ ခရီးနှင်နေရဲ့။

ရှစ်မျက်နှာဘုရား အင်္ဂါထောင့်က ဖယောင်းမီးလဲ ငြိမ်းပြီ
ဇရပ်ပေါ်က ပုတီးစိပ်နေတဲ့ ဥပုသ်သည် လဲ ပြန်ပြီ
ဝိဥာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း
အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။

နောက်အကျဆုံး အိမ်ဆိုင်လေးလဲ ပိတ်ပြီ
ခေါင်းပေါ်က ဓါတ်တိုင်မီးလဲ ပျက်သွားပြီ
ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။

ကြယ်ကြွေပြီ
လ တိမ်ဖုံးပြီ
ခေါင်မိုးမှာ ဇီးကွက်နားပြီ
ဒင်းကလေးခမျာ
ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့
ကမ္ဘာနဲ့ ဝိဥာဉ်နဲ့ ပြဌာန်းစာအုပ်တွေနဲ့
သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ်
ညတိုင်း ညတိုင်း နက်ဖြန်ခါ တစ်ခွက် တစ်ခွက် မှာမှာ သောက်တယ်
မအိပ်ဘူုး... မငိုက်ဘူး။

သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင်သီချင်းအယ်လ်ဘမ်
နောက်ဆုံးအပုဒ်လဲ ပြီးသွားပြီ။    ။


လက်ဝဲ

Saturday, March 24, 2012

မီးမလာ၍ ပူသည်..

ကဗျာလဲ ရေးလို့ မရဘူး။ မရဆို နေ့ခင်းဖက် နေကလဲ အတော်လေးပူလာပြီကိုး။ ညည ကျလဲ မီးကမလာတော့ မှောင်ထဲမည်းမည်းမှာ ဘာမှလဲ လုပ်မရဘူး ခက်ပါသဗျာ။ ပြောပြချင်တာလေး ရှိလို့ နည်းနည်း လေကန်မလို့..။ သည်းတော့ ခံ ဗျ။ ပြောချင်ရာ ပြောမှာရယ်။ ဒီကနေ့ နေ့လည်ခင်းလေး အကြောင်းပြောချင်လို့။
ကျွန်တော် အလုပ်က မနက်ပိုင်းပြီးတော့ ၁၂ နာရီမှာထမင်းစားနားတယ်။ နေကလဲ ပူလိုက်တာ လွန်ရော..။ လမ်းပေါ်ဆိုတာ.. ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့ လူတွေကလွဲရင် ရှင်းလို့.. လင်းလို့။ ပူတာကိုးဗျ.။ အိမ်ရောက် တော့ ၁၂ နာရီ မှ နားတာဆိုတော့ ၈ နာရီကတည်းက နေနေရတာ ဆာဆာနဲ့ စားလိုက်တာ. ဘယ်ပြောကောင်းမလဲ..။ ၂ ပန်းကန်လောက် ပစ်အုပ် ပစ်လိုက်တယ်..။ ဒါနဲ့ ထမင်းစားပြီး ထမင်းလုံးစီရင်း ခဏ လှဲနေလိုက်တယ်။ မီးမလာဘူး..။
အဲဒီ မီးမလာတဲ့ အကြောင်းလဲ ပြောရဦးမယ်။ မလာ.. မလာ.. နဲ့..။ အစ ကတော့ ဆယ်တန်းစာမေးပွဲတွင်းမို့ ကျယ်ကျယ်ကျယ်ကျယ်နဲ့ ဆောင်းဘောက်စ် တွေ ဘာတွေ ဖွင့်ရင် ကျောင်းသားလေးတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ပဲ နေ့ခင်းဖက် မီးဖြတ်ထားတာ လိုလို.. ဘာလိုလို.. ညာလိုလို နဲ့ ..  ခုတော့ ဆယ်တန်းစာမေးပွဲ ပြီးသွားလို့ နဲ့ တူရဲ့.။ နေ့ရော ... ညရော.. မလာတော့ဘူး.။ အင်း.. ရွေးကောက်ပွဲကလဲ နီးလာပြီမလား..။ မီးမလာတာကြီးကိုကြည့်ပြီး ကုလားထိုင်ပေါ် လှဲရင်းကနေ အတွေးထဲမှာ.. ဘာလိုလို ညာလိုလို..။ နီးပြီဆိုတော့လေ..။ အင်း.။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲ စပ် ပြီး တွေးလိုက်မိတာပါ..။ ထားပါတော့။
ဆိုလိုချင်တာက  မီးမလာဘူးပေါ့ဗျာ.။ တစ်ရပ်ကွက်လုံးလဲ တိတ်ဆိတ်လို့.။ ကိုယ်တုန်းလုံးကြီး အိပ်တဲ့ သူတွေကအိပ်.။ ယပ်တဖျပ်ဖျပ်နဲ့ ပက်လက်လှန်သူကလှန်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့လည် ကြီးပါ။ တစ်ချို့ဆို တုန်းလုံးကြီး နေတာတောင် တစ်ကိုယ်လုံး ချွေးတွေလုံးလို့.။ ကျွန်တော်လဲ ပက်လက်ကုလားထိုင်ပေါ်လှဲရင်း ၃ နာရီမှ ပြန်သွားရမှာ ဆိုတော့ မှေးကနဲ ခဏ ပျော်သွားတယ်.။
မကြာပါဘူး.။ အုန်းအုန်းဒိုင်းဒိုင်း ဖွင့်နေတဲ့ ဆောင်းဘောက်စ် သံကြီး ကြားလိုက်ရတယ်။ လန့်နိုးသွားတယ်။ မီးလာတာလား ဆိုပြီး ဘေးနားက ပန်ကာ ခလုတ် ကောက်နှိပ်ကြည့်တယ်.။ မလာ...။ ဘာပါလိမ့် ဆိုပြီး စောစောက အသံ ကို ပြန်နားထောင်လိုက်တယ်.။ လားလား...။ သီချင်းသံမှ.. ဘာသီချင်းမှတ်နေတုန်း။
“အမေအောင်ဆန်းစုကြည် ယှဉ်ပြိုင်မည်..။ ပြည်သူရဲ့ ရှေ့ဆောင် NLD..။ တိုင်းနိုင်ငံအနှံ့ ခွပ်ဒေါင်းပြန်လာပြီ” ဆိုတာ..လေ။ တော်တော်လေး မြိုင် တဲ့ စည်းရုံးရေး သီချင်းလေး။ ဆောင်းဘောက်စ်နဲ့ အကျယ်ကြီးဖွင့်ထားတာ .။ အစကတော့ ရက်ကွက်ထဲ စည်းရုံးရေးလာဆင်းတာထင်တယ်ပေါ့.။ ရက်ကွက်ထဲက လူတွေလဲ ကျွန်တော့်လိုပဲ နိုးလာကြ.။ အိပ်မှုံ စုံမွှားနဲ့ ထကြည့်ကြနဲ့.။ ကျွန်တော်လဲ ထ ကြည့် ရတော့ သပေါ့။ မမြင်ရသေးဘူး အိမ်ရှေ့ကနေ။ အိမ်ရှေ့တွေမှာတော့ လူတွေ ထကြည့်နေကြတယ်။ ရပ်နေရင်းနဲ့ အသံနီးနီးလာတော့.. စည်းရုံးရေးကားလို့ ထင်ထားတာ မဟုတ်ဘူးဗျို့.။ ထီတွန်းလှည်းကြီး။ ကိုယ်တော်ချောက အဲဒီ သီချင်းတစ်ပုဒ်ထဲကိုပဲ ရီပိဒ် လုပ်ပြီး ဖွင့်လာတာ...။ 

အဲဒီအချိန် မှာ ရက်ကွက်ထဲက လူတွေက ပူတာတွေ အိုက်တာတွေ ခဏမေ့သွားပြီး ထီတွန်းလှည်းကြီးကို ထွက်ကြည့်သူကကြည့်.၊ ထီထိုးသူကထိုးနဲ့.. တိတ်ဆိတ်နေတဲ့ စပ်ဖျင်းဖျင်း နေ့လည်ခင်းကလေး အတော်လေး စိုပြည် သွားတယ်.။ ဦးလေးကြီးတစ်ယောက်ဆို ထွက်တောင် က တယ်..။
တစ်ချို့က ဝယ်ရုံတင်မဟုတ်ဘူး..။ ထီသည်ကို “လာ.. ဟိုဖက်လမ်း လိုက်ခဲ့ဦး .. ငါလိုက်ရောင်းပေးမယ်..” ဘာညာ နဲ့ ခေါ်သွားသေးတာ.။ ထီသည်လေးကလဲ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ အတော် ပျော်နေပုံရတယ်.။ သူကလဲ ဒီသီချင်းလေးကို မိုးလင်းတည်းက ဖွင့်ထားတယ်နဲ့ တူပါရဲ့..။ တစ်ခြား ရက်ကွက်တွေတော့မသိ။ ကျွန်တော်တို့ ရက်ကွက်ထဲတော့ အဲဒီ ထီသည် တော်တော် ရောင်းလိုက်ရတယ်.။ 

ဒီလိုပါပဲ...။
ဘဝအမောလေးတွေ.. ခဏလေးပြေပျောက်သွားတဲ့ အိုက်စပ်စပ်နေ့လည်ခင်းလေးပေါ့ဗျာ..။ ထီသည်လေးအသံ ဝေးသွားတာနဲ့ အရင်လိုပဲ ပြန် တိတ်ဆိတ်သွားပြန်ရော..။ ကိုယ့်ယပ်တောင်လေးကိုယ် ပြန်ကိုင်..။ အင်္ကျီ ပြန်ချွတ် ..။ ပြန်အိပ်...။ 

အဲဒီလို ခဏအပျော်လေးတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ကလေးက.. ထူသားပေသား ကျနေကြပေါ့...။

အစတည်းက ပြောပြီးသားပါ..။ ပြောချင်ရာ ပြောပါမယ်လို့..။ ခုတော့ ပြောလို့ပြီးသွားပြီ.။

လေးစားလျက်
လက်ဝဲ