စွန်းလျက် ထင်းလျက် ရှိရဲ့
ငါတို့တွေနဲ့ ငါတို့ရဲ့ လေလွင့်လမ်းမတွေလဲ
မပျောက်မပျက် ရှိရဲ့။
ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ပြည့်တန်ဆာနဲ့ အရူးလဲ ရှိပါရဲ့။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို
ဖောဖောသီသီ ကျင့်သုံးကြ
ဂျစ်ပစီဝါဒကြီး တစ်ပြပြနဲ့
ဒေါင်ဒေါင် ဒင်ဒင် အော်ဟစ်ကြ
မြေဇာပင်တစ်ချို့ စာသင်ခန်းနဲ့ဝေးရာမှာ
ဆေးလိပ်ထွက်သောက်ကြ။
ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
တန်ခိုးကြီး ဘုရားနဲ့ တံတားတစ်စင်းလဲ ရှိတော့ရှိပါရဲ့။
အဖိုးနည်း အမြတ်ကျန်
တစ်နပ်စားဥာဏ်ကို ဆီဆမ်းစားကြ
ဗြဟ္မစိုရ်တရားနဲ့ လွတ်ရာ ကျွတ်ရာ
ရွှေ့ပြောင်း ပျော်မြူးကြ
အသက်ငင်နေတဲ့ မြို့ဘေးကမြစ်လေးခမျာ
တံတားအောက်မှာ မြက်တွေလဲ ပေါက်လို့။
ဒါငါ့မြို့ ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ဈေးအိုကြီးနဲ့ ဆေးရုံလေးလဲ ရှိပါရဲ့။
ကြည့်ပါဦး
ခြပဲ တက်နေသလို
မှိုပဲ စွဲနေသလို
နာရီစင်ကြီးကလဲ ငိုချလိုက်တော့မလို
နှာခေါင်းသွေး ယိုဖူးထားတဲ့ မြို့ပါလို့
ဆိုသူတွေက ဆို။
ထို ဝိသေသ များစွာနဲ့ မြို့ကလေးက စက်စက်ယို
နီယွန်မီးတွေ မလင်းနိုင်တော့တဲ့ နှစ်လမ်းသွား လမ်းမကြီးလဲ
အိုပါပြီ။
လက်ဝဲ
4 comments:
ကဗျာလေး ကောင်းတယ်နတ်ဆိုး။ ကဗျာကောင်းလေးတွေ ဆက်ရေးပါ အမြဲအားပေးနေမယ်။
ခင်မင်လျက်
အမသဒ္ဓါ
နတ်ဆိုးရေ
နာမည်ပြောင်းလိုက်တာလား
ကဗျာတွေကောင်းပြီးရင်းကောင်းနေတယ်
(ခြပဲ တက်နေသလို
မှိုပဲ စွဲနေသလို
နာရီစင်ကြီးကလဲ ငိုချလိုက်တော့မလို
နှာခေါင်းသွေး ယိုဖူးထားတဲ့ မြို့ပါလို့)
စကားလုံးသုံးထားတာတွေလဲလှတယ်
မြို့တစ်မြို့ရဲ့သရုပ်က စကားလုံးတွေနဲ့တင် ပေါ်လွင်လန်းပါတယ် နတ်ဆိုးရေး)
ဒီကဗျာ ကောင်းတယ် နတ်ဆိုးရေ..
တစ်နပ်စားဥာဏ်ကို ဆီဆမ်းစားကြ
ဆိုတဲ့ အသုံးနှုန်းလေးတွေ..
နောက်ပြီး...
နာရီစင်ကြီးကလဲ ငိုချလိုက်တော့မလို ... ဆိုတဲ့ နေရာမှာ..
ကဗျာရဲ့ high point နေရာကို ရောက်သွားသလိုပဲ..
ခင်မင်လျှက်..
အိမ့်ချမ်းမြေ့
Post a Comment